Border News Agency
ပလက်ဝ၊ ဇန်နဝါရီ ၁၆။
ချင်းပြည်၊ ပလက်ဝခရိုင်မှာ ဒေသထွက်အရက်ချက်လုပ်ငန်းတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ကွင်းဆင်းစစ်ဆေးနေပါတယ်။
အဲဒီ FDA ဌာနကအုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ ဇန်နဝါရီလ ၁၅ ရက်နေ့က အရက်ချက်စက်ရုံတွေနဲ့လုပ်ငန်းခွင်တွေကို သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော်ဟာ ပလက်ဝဒေသကိုထိန်းချုပ်ပြီးနောက် ပြည်မထုတ်အရက်တွေနဲ့ နိုင်ငံခြားအရက်တွေတင်သွင်းခွင့်ကို ကန့်သတ်ပိတ်ပင်ထားပါတယ်။
အဲဒါကြောင့် ဒေသတွင်းအရက်ချက်လုပ်ငန်းတွေ ပိုမိုတွင်ကျယ်လာပြီး သောက်သုံးသူလည်းများပြားလာတယ်လို့ ဆိုပါတယ်။
အဲဒီဒေသထွက်အရက်တွေမှာ လူသေဆုံးနိုင်ခြေများတဲ့ မီသနော (Methanol) ဓာတ်ပါဝင်မှုများပြားနေတတ်လို့ စနစ်တကျထုတ်လုပ်နိုင်ဖို့နဲ့ အန္တရာယ်အနည်းဆုံးဖြစ်စေဖို့ရည်ရွယ်ပြီး စစ်ဆေးတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီယမကာလုပ်ငန်းကို လုပ်ကိုင်သူတွေအနေနဲ့ အရက်ချက်လုပ်တာ၊ ထုတ်လုပ်တာနဲ့ရောင်းချတာတွေအတွက် တရားဝင်လိုင်စင်လျှောက်ထားရမှာဖြစ်ပြီး အာရက္ခအစိုးရဆီကတရားဝင်ခွင့်ပြုချက်ရရှိမှ ဆက်လက်ထုတ်လုပ်ရမယ်လို့ဆိုပါတယ်။






