Border News Agency
နယ်သာလန်၊ ဇန်နဝါရီ ၁၆။
နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့မှာရှိတဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာအမှုနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်ဘက်က လူမျိုးတုံးသတ်ဖြတ်မှုမကျူးလွန်ခဲ့ဘူးလို့ စစ်ကော်မရှင်က ဇန်နဝါရီလ ၁၆ ရက်၊ ဒီနေ့မှာ ငြင်းဆိုလိုက်ပါတယ်။
ဒီနေ့ပြုလုပ်တဲ့တရားခွင်မှာ စစ်ကော်မရှင်ကိုယ်စားလှယ် ဦးကိုကိုလှိုင်က စတင်လျှောက်လဲခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်က စစ်ဆင်ရေးတွေဟာ အကြမ်းဖက်မှုကိုတန်ပြန်နှိမ်နင်းတာပဲ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဂမ်ဘီယာနိုင်ငံကတရားစွဲဆိုထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေကို အမြဲလိုက်နာနေတယ်လို့လည်း သူကထည့်သွင်းပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်၊ ကုလသမဂ္ဂ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာကွန်ဗင်းရှင်းကို လက်မှတ်ထိုးထားတဲ့နိုင်ငံဖြစ်လို့ အခြေခံမူတွေကိုလေးစားပါတယ်လို့ ဦးကိုကိုလှိုင်က တရားရုံးမှာချေပခဲ့ပါတယ်။
အဲဒီအပြင် အမှုကိုဆုံးဖြတ်တဲ့အခါ စိတ်ခံစားမှုနဲ့ မရေရာတဲ့ပုံဖော်မှုတွေကိုမကြည့်ဘဲ ခိုင်လုံတဲ့သက်သေအချက်အလက်တွေအပေါ်မှာပဲ မူတည်ပြီးဆုံးဖြတ်ပေးဖို့လည်း သူက တရားရုံးကိုတိုက်တွန်းခဲ့ပါတယ်။
ဒီအမှုဟာ ၂၀၁၇ ခုနှစ်က ARSA အဖွဲ့ရဲ့ တိုက်ခိုက်မှုကို စစ်တပ်ကတုံ့ပြန်ရာမှာ ရိုဟင်ဂျာတွေကိုအစုလိုက်သတ်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို မောင်းထုတ်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ တရားစွဲခံထားရတာ ဖြစ်ပါတယ်။
ခုလိုမျိုး စစ်ကော်မရှင်ဘက်ကနေ ပထမဆုံးအကြိမ်ကိုယ်တိုင်လာရောက် ခုခံချေပနေပြီဖြစ်လို့ ICJ တရားရုံးရဲ့ နောက်ဆက်တွဲဆုံးဖြတ်ချက်တွေ ဘယ်လိုထွက်လာမလဲဆိုတာကို နိုင်ငံတကာက စောင့်ကြည့်နေကြပါတယ်။






