Border News Agency
ထိုင်း၊ မတ် ၁၆။
ထိုင်း-မြန်မာနယ်စပ်ချင်းရိုင်ခရိုင်၊ မယ်ကျန်းမြို့နယ်ထဲမှာ စိတ်ကြွရူးသွပ်ဆေးပြား ၃ သန်းကျော်သယ်လာတဲ့ကားတစီးကို ဖာမိူင်းစစ်ဆင်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းတော်ဝင်တပ်ဖွဲ့က မတ်လ ၁၆ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီနယ်စပ်ကင်းလှည့်နေတဲ့တပ်ဖွဲ့ဝင်တွေက မတ်လ ၁၅ ရက်၊ မနက်အစောပိုင်းမှာ သံသယရှိတဲ့ကားတစီးကို ရပ်တန့်စစ်ဆေးဖို့ကြိုးစားခဲ့ရာကနေ စတင်ခဲ့တာပါ။
အဲဒီကားဟာ စစ်ဆေးမှုကိုမခံဘဲ မောင်းနှင်ထွက်ပြေးခဲ့လို့ တပ်ဖွဲ့ဝင်တွေက နောက်ကနေလိုက်လံပိတ်ဆို့ခဲ့ရတယ်လို့ဆိုပါတယ်။
သူတို့ဟာ မယ်ကျန်းမြို့နယ်၊ စီခမ်းကျေးရွာအနီးမှာကားကိုစွန့်ပစ်ထားခဲ့ပြီး ကားမောင်းသမားကတော့ထွက်ပြေးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီကားပေါ်ကို စစ်ဆေးတဲ့အခါမှာတော့ အိတ် ၂၀ နဲ့ ထည့်ထားတဲ့ စိတ်ကြွဆေးပြား ၃ သန်းခန့်ကို ရှာဖွေတွေ့ခဲ့တာလို့ဆိုပါတယ်။
အဲဒီသိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ကားကိုမယ်ကျန်းရဲစခန်းမှာအမှုဖွင့်ထားပြီး ထွက်ပြေးသွားတဲ့တရားခံကိုဖမ်းဆီးနိုင်ဖို့ ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။











