Border News Agency
မီဇိုရမ်၊ ဇွန် ၉။
မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်ဘက်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေရင်းနဲ့ မက်သာဖက်တမင်းဆေးပြားတွေနဲ့ ဟီးရိုးအင်းတွေကို အများအပြားဖမ်းဆီးရမိခဲ့တယ်လို့ မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အဲဒီကျန်ဖိုင်ရဲတပ်ဖွဲ့နဲ့ YMA ပူးပေါင်းအဖွဲ့က ဇွန်လ ၇ ရက်၊ မနက်အစောပိုင်းက ချွန်တေးရွာအနီးမှာ စစ်ဆေးရေးတွေလုပ်နေချိန်မှာ သံသယရှိသူတွေကို တားဆီးစစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအချိန်ကျောပိုးအိတ်တွေနဲ့ ထွက်ပြေးဖို့ကြိုးစားတဲ့သူတွေကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာကနေ မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ဆီကနေ အိန္ဒိယရူပီး ၁ ဒသမ ၆၉ ကုဋေလောက်တန်ဖိုးရှိတဲ့ မက်သာဖက်တမင်းဆေးပြားပေါင်း ၂ သိန်းကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်ဇွန်လ ၅ ရက်နေ့ကလည်း ဗာဖိုင်မြို့အနီးမှာ ဒွန်းတလန်းရဲစခန်းက သံသယရှိတဲ့ဘိုလီရိုယာဉ်တစီးကို စစ်ဆေးခဲ့ပါတယ်။
ယာဉ်ပေါ်မှာ တင်ဆောင်လာတဲ့ငရုတ်သီးခြောက်အိတ်တွေအောက်မှာ ဖုံးကွယ်ထားတဲ့ ဟီးရိုးအင်း ၆၁၈ ဂရမ်နဲ့ မက်သာဖက်တမင်း ၄ ဒသမ ၇၄ ကီလိုဂရမ်ကို ရှာဖွေတွေ့ရှိပြီး မြန်မာနိုင်ငံသားတဦးအပါအဝင် ၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဖမ်းဆီးရမိသူအားလုံးကို သက်ဆိုင်ရာရဲစခန်းအသီးသီးမှာ မူးယစ်ဆေးဝါးဥပဒေတွေအပြင် လူဝင်မှုကြီးကြပ်ရေးဥပဒေတွေနဲ့ပါ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။











