Border News Agency
မတ္တရာ၊ အောက်တိုဘာ ၁၈။
မန္တလေး၊မတ္တရာမြို့နယ်ရှိကျေးရွာတွေကို အောက်တိုဘာလ ၁၆ ရက်၊ ညနေပိုင်းမှာအာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ သက်ကြီးရွယ်အိုတွေအပါအဝင် အရပ်သားသုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရသွားခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကထုတ်ပြန်ပါတယ်။
မတ္တရာမြို့ အနောက်တောင်ခြမ်းရှိ မိုးကြိုးရွာ၊ ရေလည်ကျွန်းရွာနဲ့ အိုင့်ဒိုင်ရွာတွေကို ညနေ ၄ နာရီ ၁၅ မိနစ်မှအချိန်ခန့်က တံတားဦးလေတပ်မှတက်လာတဲ့ တိုက်လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှုလေးကြိမ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း မိုးကြိုးရွာမှ အသက်ကြီးအမျိုးသမီးတဦးသေဆုံးပြီး နောက်ထပ်လေးဦး ဒဏ်ရာရသွားခဲ့တဲ့အပြင် အိုင့်ဒိုင်ရွာမှ အသက်လေးဆယ်နဲ့ အသက်ခြောက်ဆယ်ဝန်းကျင်အရွယ် အမျိုးသမီး နှစ်ဦးလည်း သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အရပ်သားတွေရဲ့နေထိုင်ရာ ကျေးရွာတွေကို စစ်ရေးလှုပ်ရှားတာ၊ တိုက်ပွဲဖြစ်ပွါးတာတွေမရှိဘဲ ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။












