Border News Agency
နေပြည်တော်၊ အောက်တိုဘာ ၁၉။
ရှမ်းပြည်မြောက်ပိုင်း၊နောင်ချိုမြို့နယ်မှာ ငွေကျပ်သုံးဘီလီယံကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားနဲ့ ဘိန်းညိုမှုန့်တွေကိုဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က အောက်တိုဘာလ ၁၉ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီနောင်ချိုမြို့နယ်၊မကျီးရေကျေးရွာအနီးမှာ အောက်တိုဘာလ ၁၆ ရက်နေ့က မိုင်းရယ်မှ မန္တလေးကို မောင်းနှင်လာတဲ့ HINO VAN ကားကို တပ်ဖွဲ့ဝင်တွေက ရပ်တန့်စစ်ဆေးခဲ့ပါတယ်။
အဲဒီလိုစစ်ဆေးရာမှာ ကားပေါ်မှာ သိုဝှက်လာတဲ့စိတ်ကြွဆေးပြားလေးဆယ်လေးသိန်းနဲ့ ဘိန်းညိုမှုန့် ကီလိုဂရမ်တရာ့ခြောက် သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင် ညနေခြောက်နာရီခွဲအချိန်မှာ သီပေါမှ မောင်းနှင်လာတဲ့ MITSUBISHI CANTER ကားကိုပါစစ်ဆေးခဲ့ရာမှာ စိတ်ကြွဆေးပြား တသိန်းသုံးသောင်းကို ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီမူးယစ်ဆေးဝါး သယ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး မျိုးသန့်ထက် (ခ) မျိုးကြီး၊ မခတ္တာဖူး၊ စိုင်းညွန့်ဆွေနဲ့ စိုင်းအောင်ပွင့်တို့ လေးဦးကို နောင်ချိုမြို့မရဲစခန်းမှာ မူးယစ်ဥပဒေနဲ့ အမှုဖွင့် အရေးယူထားပြီး ဆက်စပ်ကွင်းဆက်တွေကိုလည်း ဖော်ထုတ်နေတယ်လို့ဆိုပါတယ်။







