Border News Agency
နယ်သာလန်၊ ဇန်နဝါရီ ၁၇။
လူမျိုးသုဉ်းသတ်ဖြတ်မှုတားဆီးရေးစာချုပ်ဆိုတာ နိုင်ငံတစ်ခုကဘယ်သူ့ကို နိုင်ငံသားပေးရမယ်ဆိုပြီး အမိန့်ပေးလို့ရတဲ့ စာချုပ်မဟုတ်ကြောင်းနဲ့ဒါဟာ ပြည်တွင်းဥပဒေနဲ့ပဲ ဆိုင်တဲ့ကိစ္စဖြစ်တယ်လို့ စစ်ကော်မရှင်ဝန်ကြီးဦးကိုကိုလှိုင်က ICJ မှာ ချေပခဲ့ပါတယ်။
နိုင်ငံသားဖြစ်တာဟာ သတ်မှတ်ချက်နဲ့ ကိုက်ညီမှရမယ့် တဦးချင်းစီရဲ့အခွင့်အရေးဖြစ်ပြီး အုပ်စုတစုကို နိုင်ငံသား အလိုအလျောက်မပေးတာဟာသူတို့ကို ဖျက်ဆီးချင်လို့မဟုတ်ပါဘူးလို့ ဆိုပါတယ်။
အဲဒါကြောင့် ဘင်္ဂါလီအများအပြားဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံသားအမျိုးအစားတခုခုကို ရထားပြီးသားဖြစ်သလို NVC ကတ်ကိုင်ထားသူလည်း နှစ်သိန်းနီးပါး ရှိနေပြီလို့ ဆိုပါတယ်။
ဒါပေမဲ့ ရခိုင်မြောက်ပိုင်းက တချို့သူတွေဟာ NVC လုပ်ရင်နိုင်ငံသားဖြစ်ခွင့် မရတော့ဘူးဆိုတဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ သတင်းမှားတွေကြောင့် နိုင်ငံသားစိစစ်ခံဖို့ ငြင်းဆန်နေကြတာဖြစ်တယ်လို့ ဝန်ကြီးက ထောက်ပြပါတယ်။
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံသားစိစစ်ပြီး အရည်အချင်းမပြည့်မီသူတွေကိုတောင် ဥပဒေနဲ့အညီ နေထိုင်ခွင့်ပေးထားတာမို့ နိုင်ငံသားဖြစ်ခွင့်ကိစ္စဟာ အခုတရားရုံးမှာ ရင်ဆိုင်နေရတဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှု အမှုနဲ့ ဘယ်လိုမှမသက်ဆိုင်ဘူးလို့ဆိုပါတယ်။






