Border News Agency
မလေးရှား၊ ဇန်နဝါရီ ၁၇ ။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့နဲ့ ဆလန်ဂေါပြည်နယ် အမ်ပန်းဂလက်စီမောကုန်တိုက်မှာ ဇန်နဝါရီလ ၁၇ ရက်၊ ဒီနေ့နိုင်ငံခြားသား နှစ်ရာ့တဆယ့်ခုနှစ်ဦးကို လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ အဖွဲ့ပေါင်းစုံဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
အဲဒီဖမ်းဆီးခံရသူတွေထဲမှာ မြန်မာနိုင်ငံအမျိုးသမီးခုနှစ်ဆယ့်နှစ်ဦး၊ အမျိုးသားဆယ့်ခုနှစ်ဦး ပါဝင်နေပါတယ်။
အဲဒီအပြင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်၊ နိုင်ဂျီးရီးယားနဲ့ ဂျာမဏီနိုင်ငံသားတွေလည်း ပါဝင်နေတာပါ။
ဖမ်းဆီးခံရသူတွေဟာ အသက် ၂၁ နှစ်ကနေ ၆၃ နှစ်ကြားအရွယ်တွေဖြစ်ပြီး သူတို့အားလုံးကို လူဝင်မှုကြီးကြပ်ရေးဌာနမှာ ဆက်လက်အရေးယူသွားမယ်လို့ သိရပါတယ်။
မလေးရှားအာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တနှစ်လုံးမှာလည်း အော်ပရာစီစစ်ဆေးမှုပေါင်း တသောင်းသုံးထောင့်ကိုးရာ့တဆယ်ကြိမ်အထိလုပ်ဆောင်ခဲ့ပြီး တရားမဝင်နိုင်ငံခြားသား ကိုးသောင်းနှစ်ထောင့်သုံးရာ့ခြောက်ဆယ်ဦးနဲ့ အလုပ်ရှင်နှစ်ထောင့်တရာ့ခြောက်ဆယ့်သုံးဦးကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။
အဲဒီအပြင် အခု ၂၀၂၆ ခုနှစ်ထဲမှာလည်း ဖမ်းဆီးမှုတွေကပိုများလာပြီး ဇန်နဝါရီ ၁ ရက်ကနေ ၁၇ ရက်နေ့အထိ လူပေါင်းခြောက်ထောင်ကျော်ကိုစစ်ဆေးခဲ့ရာမှာ တရားမဝင်နေထိုင်သူ တထောင့်ခုနှစ်ရာ့ခြောက်ဆယ်ဦးနဲ့ အလုပ်ရှင်သုံးဆယ့်ငါးဦးကို ဖမ်းဆီးထားပြီးဖြစ်ပါတယ်။
အဲဒီမလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက တရားမဝင်နေထိုင်သူတွေကို အကာအကွယ်မပေးဖို့ ပြည်သူတွေနဲ့အလုပ်ရှင်တွေကို ပြင်းပြင်းထန်ထန်သတိပေးထားသလို တရားမဝင်သူတွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုလည်း လဝကရုံးဆီပေးပို့တိုင်ကြားကြဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။






