Border News Agency
ဂမ်ဘီယာ၊ ဇန်နဝါရီ ၂၀။
ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားသလို ရခိုင်ပြည်မြောက်ပိုင်းမှာ လူမျိုးသုဉ်းစေဖို့ ရည်ရွယ်ချက်နဲ့တပုံစံတည်း စစ်ဆင်ရေးလုပ်ဆောင်ခဲ့တယ်ဆိုတာဟာ ခိုင်မာတဲ့သက်သေမရှိကြောင်း မြန်မာ့ရှေ့နေ Mr.Sam – Bloom Cooper က ICJ တရားရုံးမှာ ချေပလိုက်ပါတယ်။
ဂမ်ဘီယာဟာ မင်းကြီး၊ ချွတ်ပြင်နဲ့ မောင်နုကျေးရွာသုံးရွာအပေါ်မှာပဲ အဓိကထားစွပ်စွဲနေပေမယ့် တခြားနေရာ ရာနဲ့ချီတဲ့နေရာတွေမှာ တပ်မတော်ကအကြမ်းဖက်မှုလုပ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတစုံတရာ မပြနိုင်ဘူးလို့သူက ထောက်ပြခဲ့ပါတယ်။
အဲဒီအပြင် မြန်မာနိုင်ငံဘက်က ကျေးရွာတရွာချင်းစီအလိုက် အသေးစိတ်ခွဲခြမ်းစိတ်ဖြာပြီး ချေပချက်တွေတင်ပြခဲ့ပြီးနောက်မှာ ဂမ်ဘီယာဟာမူလကစွပ်စွဲထားတဲ့ ကျေးရွာပေါင်းရာနဲ့ချီဆိုတဲ့အရေအတွက်ကို လျှော့ချသွားခဲ့ပြီး အခုအခါမှာနေရာဆယ့်သုံးခုကိုပဲ ရည်ညွှန်းတော့တာကိုတွေ့ရတယ်လို့ ဆိုပါတယ်။
ဂမ်ဘီယာကိုးကားတဲ့ လူသက်သေတွေဟာလည်း အဲဒီကာလအတွင်း ARSA အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေနဲ့ ကျယ်ပြန့်တဲ့လှုပ်ရှားမှုတွေကို စနစ်တကျဖုံးကွယ်ထားကြတယ်လို့ မြန်မာရှေ့နေကတင်ပြခဲ့ပါတယ်။
အဲဒီ၂၀၁၇ ခုနှစ်အတွင်းက ဖြစ်စဉ်တွေဟာ ARSA အကြမ်းဖက်အဖွဲ့က ဟိန္ဒူဘာသာဝင်တွေကို သတ်ဖြတ်တာနဲ့ ရဲစခန်းတွေကို တိုက်ခိုက်ခဲ့တာတွေကြောင့်ဖြစ်ရတာလို့ ဆိုပါတယ်။
အဲဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရဲ့အချုပ်အခြာအာဏာကို ကာကွယ်ဖို့အတွက် ဥပဒေနဲ့အညီမဖြစ်မနေ တုံ့ပြန်ဆောင်ရွက်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလို အကြမ်းဖက်နှိမ်နင်းမှုတွေကိုလည်း ARSA လှုပ်ရှားမှုရှိတဲ့နေရာတွေမှာပဲ ရက်အကန့်အသတ်နဲ့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ မြေပုံတွေအထောက်အထားတွေနဲ့အတူ လျှောက်လဲခဲ့တယ်လို့ ဆိုပါတယ်။






