Border News Agency
အမ်း၊ ဇန်နဝါရီ ၂၀။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ အမ်းမြို့နယ်မှာ ဇန်နဝါရီလ ၁၉ ရက်နေ့က စစ်ကျန်လက်နက်ပေါက်ကွဲလို့ အသက်ရှစ်နှစ်အရွယ်ကလေးငယ်တဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီအမ်းမြို့နယ်၊ အောက်ရွာဆီဆိုင်ကုန်းမှ အသက်ရှစ်နှစ်အရွယ် မောင်မင်းထက်သာ သေဆုံးသွားခဲ့ပါတယ်။
သူဟာ ဇန်နဝါရီလ ၁၉ ရက်၊ ညနေ ၄ နာရီခွဲခန့်မှာ ရွာအနီးရှိငှက်ပျောခင်းကို ငှက်ပျောသီးသွားခူးရာမှ စစ်ကျန်လက်နက်ပေါက်ကွဲခဲ့လို့ သေဆုံးသွားခဲ့တာပါ။
သူရဲ့ရုပ်အလောင်းကို ဌက်ပျောခင်းထဲမှာ မိသားစုတွေတွေ့ရှိခဲ့တယ်လို့ ဆိုကြပါတယ်။
အဲဒီတောင်ကုတ်မြို့မှာလည်း ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၅ ရက်နေ့က စစ်ကျန်လက်နက်ပေါက်ကွဲလို့ အမျိုးသားနှစ်ဦး ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအပြင် ဂွမြို့နယ်၊ ကျိန္တလီမြို့မှာ ဒီဇင်ဘာလ၂၀ ရက်နေ့ကလည်း စစ်ကျန်လက်နက်နဲ့ ဆော့ကစားမိရာမှာ ကလေးငယ်တဦးသေဆုံးပြီးနှစ်ဦး ဒဏ်ရာရရှိသွားခဲ့ပါသေးတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာလုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။
ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။







