Border News Agency
နယ်သာလန်၊ ဇန်နဝါရီ ၂၀။
နယ်သာလန်နိုင်ငံ ICJ တရားရုံးမှာလုပ်နေတဲ့ မြန်မာနဲ့ဂမ်ဘီယာအမှု ကြားနာပွဲနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံဟာ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ပဲ လုပ်နေတာဖြစ်ပြီး မြန်မာနိုင်ငံကိုတရားစွဲဆိုဖို့ ဥပဒေကြောင်းအရတာဝန်မရှိဘူးလို့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ ဒါရိုက်တာဒေါက်တာနိုင်ဆွေဦးက ပြောပါတယ်။
သူဟာ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေတုန်းက ဘူးသီးတောင်နဲ့ မောင်တောဒေသတွေကို ကိုယ်တိုင်သွားပြီးသုတေသနလုပ်ခဲ့သူဖြစ်လို့ မြေပြင်မှာဘာတွေဖြစ်ခဲ့တယ်ဆိုတာကို လက်တွေ့သိနေတဲ့သူတစ်ယောက်လည်းဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီဂမ်ဘီယာဟာ မြန်မာနဲ့ မိုင်ပေါင်းထောင်ချီဝေးတဲ့ အာဖရိကကနိုင်ငံငယ်လေးတခုပဲ ဖြစ်တယ်လို့ထောက်ပြထားပြီး နှစ်နိုင်ငံကြားမှာလည်း ဘာပြဿနာမှမရှိခဲ့သလို ခုစွဲဆိုချက်တွေဟာ ဂမ်ဘီယာနိုင်ငံသားတွေအပေါ်မှာလည်း ဘာမှသက်ရောက်မှုမရှိဘဲ တဖက်သတ်စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ သူကဆိုပါတယ်။
ဂမ်ဘီယာက လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုပြီး မြန်မာကိုတရားစွဲခဲ့တာဖြစ်ပေမယ့် မြန်မာနိုင်ငံဘက်ကတော့ ကမ္ဘာ့မိသားစုဝင် နိုင်ငံတနိုင်ငံပီသစွာနဲ့ တရားရုံးကခိုင်းတဲ့ အစီရင်ခံစာတွေကို ပုံမှန်တင်ပြနေသလို တာဝန်ကျေအောင်လည်း လုပ်နေတယ်လို့လည်း ဆိုပါတယ်။
အဲဒါကြောင့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့အဖွဲ့က ICJ တရားရုံးကိုသွားပြီး ခုခံချေပနေတာဟာ မြန်မာအစိုးရရဲ့တရားဝင်မှုကို ပြသနေတာပဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း ICJ မှာဖြစ်တဲ့အမှုတွေဟာ အချိန်တိုအတွင်းနဲ့ ပြီးသွားမှာမဟုတ်ဘဲ နှစ်ပေါင်းများစွာကြာတတ်တာကို သတိထားရမယ်လို့ သူကဆိုပါတယ်။
အဲဒီအမှုမှာ ဂမ်ဘီယာအပြင် ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ အပါအဝင် နိုင်ငံပေါင်းဆယ့်တနိုင်ငံက ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားနေကြပေမယ့် မြန်မာနိုင်ငံအနေနဲ့ကတော့ မိမိတို့လုပ်စရာရှိတဲ့ တရားစီရင်ရေးကိစ္စတွေကို အကောင်းဆုံးဆက်လုပ်သွားဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။







