Border News Agency
မောင်တော၊ ဇန်နဝါရီ ၂၀။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်အတွင်းမှာ တရားမဝင် လောင်းကစားပြုလုပ်နေတဲ့ နှစ်လုံး၊ သုံးလုံး ချဲဒိုင်တွေကို အမြန်ဆုံးအရေးယူဆောင်ရွက်သွားမယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီလောင်းကစားဒိုင်တွေကို လာမယ့် ဇန်နဝါရီလကုန်မှာ နောက်ဆုံးထားကာ အပြီးတိုင်ပိတ်သိမ်းကြဖို့ အာရက္ခတပ်တော်ရဲ့ ရဲအုပ်ချုပ်ရေးဌာနက သတိပေးထားတယ်လို့ မြို့ခံတွေကဆိုကြပါတယ်။
”ဟုတ်ပါတယ်။ မောင်တောက ချဲဒိုင်တွေကိုအာရက္ခပြည်သူ့အစိုးရ အာဏာပိုင်တွေကခေါ်ယူပြီး ခုလကုန် နောက်ဆုံးထား ပိတ်ကြဖို့သတိပေးထားတယ်။ လောလောဆယ်တော့ ဖမ်းဆီးတာမျိုး မတွေ့ရသေးဘူး။ သတိပေးပြီးနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲ၊ တကယ်ဖမ်းမလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။” လို့ မောင်တောမြို့ခံတဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့နယ်အများစုမှာ စီးပွားဖြစ်ဖဲကစားတာ၊ ဒိုးဆပ်နဲ့ကြွေကစားတာအပါအဝင် လောင်းကစားမှန်သမျှကို လုံးဝမပြုလုပ်ဖို့ အုပ်ချုပ်ရေးဌာနတွေကသတိပေးထားတယ်လို့ ပြည်သူတွေကဆိုကြပါတယ်။
ဒါပေမယ့် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ နှစ်လုံး၊ သုံးလုံး ချဲလောင်းကစားတွေကို အကြီးအကျယ် ဆက်လုပ်နေကြဆဲဖြစ်ပြီး ထိရောက်တဲ့ဖမ်းဆီးအရေးယူမှုတွေမရှိသေးဘူးလို့ ဒေသခံတွေကဆိုပါတယ်။
“ဒီနှစ်လုံး၊ သုံးလုံး လောင်းကစားကို ရခိုင်မှာအမြစ်ပြတ်တားဆီးဖို့လိုပါတယ်။ ဒါကပြည်မနဲ့တိုက်ရိုက်ချိတ်ဆက်ပြီး လုပ်နေကြတာ။ အခုလိုလူတိုင်းစီးပွားရေးခက်ခဲနေတဲ့ကာလမှာဒါမျိုးတွေကို အပြီးသတ်တားဆီးပေးစေချင်တယ်။”လို့ မောင်တောမြို့ခံတဦးက Border News Agency က်ိုပြောပါတယ်။
အာရက္ခဒေသမှာ စစ်ကော်မရှင်ထိန်းချုပ်ထားတုန်းကနှစ်လုံး၊ သုံးလုံးလောင်းကစားတွေ အကြီးအကျယ်ပျံ့နှံ့ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ထိန်းချုပ်နေချိန်အခြားမြို့နယ်တွေမှာ လောင်းကစားပိတ်ပင်ထားပေမယ့် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်ဘက်မှာ အရေးယူမှုအားနည်းနေသေးတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီလောင်းကစားဒိုင်တွေဟာ ပြည်မဘက်ကဒိုင်ကြီးတွေနဲ့ တိုက်ရိုက်ချိတ်ဆက်လုပ်ကိုင်နေကြတာလို့ ဒေသခံတွေကဆိုကြပါတယ်။
အာရက္ခဒေသမှာ ကုန်ဈေးနှုန်းတွေမြင့်တက်နေပြီး စီးပွားရေးကျပ်တည်းနေတဲ့အချိန်မှာ ပြည်သူတွေရဲ့ငွေကြေးတွေဟာ လောင်းကစားထဲကို အကျိုးမဲ့စီးဝင်နေတာကြောင့် ဒါကိုအမြစ်ပြတ်တားဆီးပေးဖို့ လိုအပ်နေတယ်လို့ ပြည်သူတွေကဆိုကြပါတယ်။
အဲဒီအပြင် အာရက္ခပြည်သူ့အစိုးရက သတ်မှတ်ပေးထားတဲ့ ရက်အတွင်းမှာ ပိတ်သိမ်းတာမျိုးမရှိဘူးဆိုရင် ဥပဒေအရထိရောက်တဲ့ အရေးယူမှုတွေလုပ်ဆောင်သွားမယ်လို့ အုပ်ချုပ်ရေးဌာနနဲ့ နီးစပ်သူတွေဆီကသိရပါတယ်။






