Border News Agency
ဂမ်ဘီယာ၊ ဇန်နဝါရီ ၂၁။
ဂမ်ဘီယာဘက်က ICJ မှာတင်ပြထားတဲ့ “အပြစ်ပေးဖို့ ပျက်ကွက်တာဟာ လူမျိုးသုဉ်းသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိတာပဲ” ဆိုတဲ့ စွပ်စွဲချက်ကို မြန်မာရှေ့နေ Ms. Alina Miron က ပယ်ချလိုက်ပါတယ်။
အဲဒီ အပြစ်ပေးဖို့ပျက်ကွက်တာ ဒါမှမဟုတ် သက်သေဖျက်ဆီးတယ်ဆိုတဲ့အချက်တွေဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုရဲ့ ပြစ်မှုမြောက်တဲ့လုပ်ရပ်တွေ မဟုတ်သလို ဒီအချက်တွေအပေါ် မူတည်ပြီး လူမျိုးသုဉ်းသတ်ဖြတ်လိုတဲ့ “သီးခြားရည်ရွယ်ချက်” ရှိပါတယ်လို့ ကောက်ချက်ချလို့မရဘူးလို့ သူကထောက်ပြလိုက်တာပါ။
အဲဒီအပြင် အပြစ်ပေးဖို့ တာဝန်ရှိတယ်ဆိုတဲ့ကိစ္စကို ဥပဒေကြောင်းအရရှင်းပြခဲ့ပြီး နိုင်ငံတကာသဘောတူစာချုပ်အရ အစိုးရတရပ်ဟာပြစ်မှုကျူးလွန်သူတွေကို အပြစ်ပေးနိုင်ဖို့ သူ့မှာရှိတဲ့နည်းလမ်းတွေကိုအသုံးပြုပြီးအစွမ်းကုန်ကြိုးစားရမယ့်တာဝန်သာ ရှိတာဖြစ်တယ်လို့ထောက်ပြခဲ့ပါတယ်။
ဂမ်ဘီယာ စွပ်စွဲသလိုမျိုး “ရလဒ်တခုကို မဖြစ်မနေထွက်ရမယ်” ဆိုတဲ့ တာဝန်မျိုးမဟုတ်တာကြောင့် တရားစွဲဆိုမှုမရှိတာနဲ့တင် လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်တယ်လို့ ပြောလို့မရကြောင်း သူမကဆိုပါတယ်။
နောက်ပြီးမြန်မာနိုင်ငံအနေနဲ့ ပြစ်မှုကျူးလွန်သူတွေကို လုံးဝအရေးမယူခဲ့တာမဟုတ်ဘူးဆိုတာကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးတွေအတွင်းမှာ စည်းကမ်းဖောက်ဖျက်ခဲ့တဲ့ တပ်ဖွဲ့ဝင်တချို့ကို မြန်မာနိုင်ငံကတရားစွဲဆိုပြီး ထောင်ဒဏ်တွေတောင်ချမှတ်ခဲ့တဲ့ သာဓကတွေရှိခဲ့ပါတယ်လို့ ထောက်ပြခဲ့ပါတယ်။
အဲဒါကြောင့် ဂမ်ဘီယာအနေနဲ့ မြန်မာနိုင်ငံကအပြစ်ပေးဖို့ လုံးဝပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲနေတာဟာ အရှိတရားနဲ့ ကွဲလွဲနေတယ်လို့ ချေပသွားတာပါ။
အဲဒီအပြင်စစ်ဆင်ရေးအတွင်း နေအိမ်တချို့ပျက်စီးတာရှိပေမယ့် အများစုဟာ ARSA အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်၊ မြောက်ပိုင်းက ကျေးရွာရာပေါင်းများစွာဟာ ထိခိုက်မှုမရှိဘဲ ပုံမှန်အတိုင်းရှိနေတာကြောင့် ဂမ်ဘီယာရဲ့ “နေရာအနှံ့အပြား ဖျက်ဆီးခံရပါတယ်” ဆိုတဲ့စွပ်စွဲချက်ဟာ အထောက်အထားမခိုင်လုံတဲ့ ယေဘုယျစွပ်စွဲချက်သက်သက်သာ ဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီအပြင် ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့တွေဟာ ဘက်လိုက်မှုရှိတယ်လို့ ယူဆတာကြောင့် မြန်မာနိုင်ငံက အသိအမှတ်မပြုတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလို နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကောက်ချက်တွေကို ဥပဒေကြောင်းအရ စိန်ခေါ်ပိုင်ခွင့်ရှိတာဟာ လူမျိုးသုဉ်းသတ်ဖြတ်ဖို့ ကြံစည်တဲ့”သက်သေ” မဟုတ်ဘူးဆိုတာကိုလည်း Ms. Alina Miron က လျှောက်လဲခဲ့ပါတယ်။






