Border News Agency
မဲဆောက်၊ ဇန်နဝါရီ ၂၂။
ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့မှာ ထိုင်းရဲတပ်ကြပ်ကြီးတဦးကို သေနတ်နဲ့ပစ်ခတ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ မြန်မာလူငယ်ကို ဇန်နဝါရီလ ၂၂ ရက်၊ ဒီနေ့ နေ့လယ်ပိုင်းမှာ နှစ်နိုင်ငံအာဏာပိုင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီလူငယ်ဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့၊ မတ်ခိုကင်း (မဟာဝမ်း) ကနေတဆင့် မြန်မာဘက်ခြမ်းရှိ မင်းလက်ပံကျေးရွာသို့ကမ်းကူးထွက်ပြေးဖို့ကြိုးပမ်းစဉ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
မြန်မာဘက်ခြမ်းရှိ ဗိုလ်တာဘောအဖွဲ့က အဲဒီသေနတ်သမားကို ဖမ်းဆီးပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီမဲဆောက်မြို့၊ မယ်ကုရပ်ကွက်မှာ ဇန်န်နဝါရီလ ၂၀ ရက်နေ့က သေနတ်အရောင်းအဝယ်ပြုလုပ်ဖို့ ရောက်ရှိနေတဲ့မြန်မာလူငယ်နှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ကတားမြစ်စစ်ဆေးရာကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။
အဲဒီပစ်ခတ်မှုကြောင့် ထိုင်းရဲတပ်ကြပ်ကြီးတဦး ဝမ်းဗိုက်မှာကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိမှာတော့ အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ဘူးလို့ သိရပါတယ်။
အဲဒီထိုင်းရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာပတ်ဝန်းကျင်ကို နှစ်ရက်ကြာပိတ်ဆို့ရှာဖွေခဲ့ပြီးနောက်မှာတော့ မြန်မာဘက်ခြမ်းကို ထွက်ပြေးဖို့ကြိုးစားတဲ့တရားခံကို ခုလိုဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။






