Border News Agency
ဘန်ကောက်၊ ဇန်နဝါရီ ၂၂။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဖလန်းဆောင်နယ်မြေမှာ မြန်မာအလုပ်သမားတဦးက ဇနီးဖြစ်သူကိုသတ်ဖြတ်မှုတခု ဇန်နဝါရီလ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။
အဲဒီဖလန်းဆောင်နယ်မြေရှိ ဆိုင်ကယ်မူလီစက်ရုံတခုအနီးက မြန်မာလုပ်သားတွေ နေထိုင်ရာဝန်းမှာဖြစ်ခဲ့တာပါ။
အဲဒီ အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ် မကျော့ကျော့ဝေကို ခင်ပွန်းဖြစ်သူအသက် သုံးဆယ့်ခုနှစ်နှစ်အရွယ် ကျော်မင်းနိုင်က သတ်ဖြတ်ပြီးနောက် အခန်းကိုအပြင်ကနေ သော့ခတ်ကာထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီကျူးလွန်သူ ကျော်မင်းနိုင်ထွက်ပြေးသွားချိန်မှာ မျက်နှာပျက်ယွင်းနေတာကို အနီးဝန်းကျင်ရှိ မြန်မာလုပ်သားအချို့ကမြင်တွေ့ခဲ့ရပြီး မကျော့ကျော့ဝေကိုအော်ခေါ်ပေမယ့် ထူးသံမကြားတာမို့ အခန်းသော့ကိုဖျက်ဆီးဝင်ရောက်ကြည့်ရှုရာမှာ သေဆုံးနေတာကိုတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
သူတို့ဇနီးမောင်နှံဟာ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ဇာတိဖြစ်ကြပြီး မကြာသေးခင်ကစကားများကာ ခွဲနေခဲ့ကြရာမှာအမျိုးသားဖြစ်သူက ခဏခဏလာရောက်ပြဿနာရှာလေ့ရှိတယ်လို့ သိရပါတယ်။
အဲဒီသေဆုံးမှုနဲ့ပတ်သက်လို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ကျူးလွန်သူကျော်မင်းနိုင်ကိုဖမ်းဆီးရမိဖို့ ထိုင်းရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။






