Border News Agency
မဲဆောက်၊ ဇန်နဝါရီ ၂၂။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်းကို တရားမဝင်ခိုးဝင်လာတဲ့ မြန်မာလုပ်သားဆယ့်နှစ်ဦးကို ဇန်နဝါရီလ၂၂ ရက်၊ ဒီနေ့ မနက်အစောပိုင်းမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
အဲဒီ ရာချာမနူးအထူးတပ်ဖွဲ့ တပ်ခွဲ ၁၄၁၁ နဲ့ အမှတ် ၃၅ ခြေလျင်တပ်ရင်းတို့ပူးပေါင်းပြီး မယ်ပကျေးရွာအုပ်စု၊ ဝမ်ကဲဝ်ကျေးရွာအနီး နယ်စပ်လမ်းကြောင်းတွေကို ကင်းလှည့်စစ်ဆေးနေစဉ် မနက် ၁ နာရီ ၅၀ မိနစ်ဝန်းကျင်မှာ အခုလိုဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
အဲဒီဖမ်းဆီးခံရသူတွေဟာ နယ်စပ်သဘာဝလမ်းကြောင်းကနေတဆင့် ထိုင်းနိုင်ငံအတွင်းကိုခိုးဝင်လာခဲ့တာဖြစ်ပြီး နေထိုင်ခွင့်အထောက်အထား တစုံတရာမရှိကြောင်း ဝန်ခံထားကြတဲ့အတွက် ဥပဒေအရအရေးယူနိုင်ဖို့ မဲဆောက်ရဲစခန်းကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
မဲဆောက်မြို့မှာ ဇန်နဝါရီလ ၂၀ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့ဝင်တဦး သေနတ်နဲ့ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ထိုင်းအာဏာပိုင်တွေဘက်က နယ်စပ်လုံခြုံရေးနဲ့တရားမဝင်ဝင်ရောက်မှုတွေကို အရင်ကထက်ပိုမိုတင်းကျပ်စွာ စစ်ဆေးဖမ်းဆီးနေတာ ဖြစ်ပါတယ်။
အဲဒီ နယ်စပ်လမ်းကြောင်းတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေ အခြေချနေထိုင်ရာနေရာတွေကို ပိတ်ဆို့ရှာဖွေမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ဖမ်းဆီးခံရမှုတွေ ပိုမိုများပြားလာနေတာပါ။
အဲဒီအပြင် ထိုင်းနိုင်ငံအတွင်းပိုင်းအထိ တရားမဝင်ဝင်ရောက်မှုတွေကို ဟန့်တားနိုင်ဖို့အတွက် လမ်းမကြီးတွေပေါ်မှာ စစ်ဆေးရေးဂိတ်တွေ တိုးမြှင့်ချထားသလို နယ်စပ်တစ်လျှောက်မှာလည်း ကင်းလှည့်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။
ထိုင်းအစိုးရရဲ့ အခုလိုတင်းကျပ်တဲ့ ကိုင်တွယ်မှုတွေကြောင့် နယ်စပ်ဖြတ်ကျော်ဖို့ကြိုးစားနေကြတဲ့ မြန်မာလုပ်သားတွေအနေနဲ့ ပိုမိုဘေးအန္တရာယ်ရှိတဲ့ အခြေအနေနဲ့ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။






