Border News Agency
အိန္ဒိယ၊ ဇန်နဝါရီ ၂၂။
အိန္ဒိယ – မြန်မာနယ်စပ်မီဇိုရမ်ပြည်နယ်အတွင်း ငါးလတာကာလအတွင်း ရူပီးသန်းပေါင်းတရာ့ကိုးဆယ်ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးဆိုင်ရာအစီရင်ခံစာအရ သိရပါတယ်။
အဲဒါတွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလကနေ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့အထိ ဖြစ်တယ်လို့ဆိုပါတယ်။
မီဇိုရမ်ပြည်နယ်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးရဲ့ဦးဆောင်မှုနဲ့ နယ်စပ်တလျှောက်မူးယစ်ဆေးဝါးစီးဆင်းမှုတွေကို တားဆီးဖို့အတွက် “Jericho Project” အထူးစီမံချက်ကို ပြီးခဲ့တဲ့စက်တင်ဘာလကစတင်ပြီး အရှိန်အဟုန်မြှင့်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီစစ်ဆင်ရေးငါးလတာကာလအတွင်းမှာ စုစုပေါင်းရူပီး တရာ့ကိုးဆယ့်ခြောက်ဒသမ လေးဆယ့်နှစ်သန်းတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် မီဇိုရမ်ရဲတပ်ဖွဲ့အနေနဲ့ အမှုပေါင်းတရာ့နှစ်ဆယ့်ငါးမှုဖွင့်လှစ်ကာ လူပေါင်းတရာ့ရှစ်ဆယ့်ငါးဦးကို ဖမ်းဆီးအရေးယူထားတယ်လို့ ဆိုပါတယ်။
အဲဒီ ပြည်နယ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု အများဆုံးခရိုင်မှာ ဆိုင်သွာလ်း (Saitual) ခရိုင်ဖြစ်ပြီး ရူပီးရှစ်ဆယ့်ငါးဒသမနှစ်ဆယ့်ခြောက်သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ဖမ်းဆီးရမိမှုအနည်းဆုံးမှာ ရှာဟာ (Siaha) ခရိုင်ဖြစ်ပြီး ရူပီးခုနှစ်သောင်းတန်ဖိုးသာ ဖမ်းဆီးရမိထားတယ်လို့ဆိုပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေထဲမှာ ဘိန်းဖြူသုံးဆယ့်သုံးကီလိုဂရမ်ကျော်၊ မက်သမ်ဖက်တမင်းစိတ်ကြွဆေး နှစ်ရာ့ငါးကီလိုဂရမ်ကျော်၊ ခရစ်တယ်လ် မက်သမ်ဖက်တမင်း တဆယ့်သုံးကီလိုဂရမ်ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် အလ်ပရာဇိုလမ်ဆေးပြားများ၊ ဆေးခြောက်၊ ချောင်းဆိုးပျောက်ဆေးရည်နဲ့ ဘိန်းစေ့တွေအများအပြား ပါဝင်တယ်လို့ ဆိုပါတယ်။






