Border News Agency
စစ်တွေ၊ ဇန်နဝါရီ ၂၂။
နယ်သာလန်နိုင်ငံ ICJ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်တွေကို သွားရောက်ရင်ဆိုင်နေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ရခိုင့်ဦးဆောင်ပါတီ (AFP) က အပြည့်အဝထောက်ခံတယ်လို့ ဇန်နဝါရီလ ၂၂ ရက်၊ ဒီနေ့သဘောထား ထုတ်ပြန်လိုက်ပါတယ်။
အခုလက်ရှိမှာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ဒေါက်တာသီတာဦးတို့ ဦးဆောင်တဲ့အဖွဲ့ဟာ ဇန်နဝါရီလ ၁၂ ရက်ကနေ ၂၉ ရက်အထိသွားရောက်ပြီး ဥပဒေကြောင်းအရ အကောင်းဆုံးခုခံချေပနေတာကို တွေ့ရတယ်လို့ပါတီဘက်က ဆိုပါတယ်။
အဲဒီလိုသွားရောက်ဖြေရှင်းနေတာဟာ မြန်မာနိုင်ငံရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကို ပြသရာရောက်သလို နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပြည်သူတွေရဲ့အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နေတာဖြစ်တာကြောင့် ယုံကြည်တယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံအပေါ် မတရားစွပ်စွဲထားတဲ့ကိစ္စတွေကို အမှန်တရားအတိုင်းပေါ်ပေါက်လာအောင်နဲ့ ကမ္ဘာ့အလယ်မှာ အထင်အမြင်မလွဲရအောင်ကြိုးစားနေတဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို အလေးထားတယ်လို့လည်း ဆိုပါတယ်။
အဲဒါကြောင့် ရခိုင့်ဦးဆောင်ပါတီအနေနဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ ကြိုးပမ်းမှုတွေကို လှိုက်လှိုက်လှဲလှဲကြိုဆိုတဲ့အပြင် သူတို့နဲ့အတူ တသားတည်းရပ်တည်သွားမယ်လို့ ဆိုပါတယ်။






