Border News Agency
မီဇိုရမ်၊ ဇန်နဝါရီ ၂၂။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့၊ ITI ရပ်ကွက်မှာနေထိုင်နေတဲ့ မြန်မာစစ်ဘေးရှောင်လူငယ်သုံးဦးဟာ ဒေသခံမီဇိုးလူငယ်အသင်း (YMA) အဖွဲ့ဝင်တွေအဖြစ်အယောင်ဆောင်ပြီး ငွေညှစ်ခဲ့တာကြောင့် ရပ်ကွက်ထဲကနေ နှင်ထုတ်ခံလိုက်ရတယ်လို့ သိရပါတယ်။
အဲဒီလူငယ်သုံးဦးဟာ ဇန်နဝါရီလ ၁၉ ရက်၊ ညပိုင်းမှာ YMA အဖွဲ့ဝင်တွေလိုမျိုးဟန်ဆောင်ပြီး ဒေသခံအမျိုးသားတဦးဆီကနေ ခြိမ်းခြောက်ငွေညှစ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဇန်နဝါရီလ ၂၀ ရက်နေ့က YMA ဘက်က ခေါ်ယူစစ်ဆေးခဲ့ရာမှာတော့ လူငယ်တွေက ပြစ်မှုကျူးလွန်ခဲ့တာမှန်ကန်ကြောင်း ဝန်ခံခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီပြစ်မှုကျူးလွန်သူတွေကတော့ စစ်ကိုင်းတိုင်း၊ ခါမ်းပတ်မြို့က အသက်ဆယ့်ရှစ်နှစ်အရွယ် Duhlianthanga၊ အသက်ဆယ့်ခုနှစ်နှစ်အရွယ် Hunlawmawma နဲ့ အသက်နှစ်ဆယ့်တနှစ်အရွယ် Lalrindika တို့ ဖြစ်ပါတယ်။
သူတို့ကို ဇန်နဝါရီလ ၂၁ ရက်ညပိုင်းမှာ တခြားမြန်မာစစ်ဘေးရှောင်တွေရဲ့ရှေ့မှာတင် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ITI ရပ်ကွက်ထဲမှာ အခြေမချဖို့ပြောကြားကာ အာဏာပိုင်တွေဆီအပ်နှံလိုက်ပြီလို့ ဆိုပါတယ်။
အဲဒီဖြစ်စဉ်အပေါ်မှာလည်း မီဇိုးလူငယ်အသင်း (YMA) အနေနဲ့ အလွန်စိတ်ပျက်ဝမ်းနည်းမိတယ်လို့ ဆိုပါတယ်။
အဲဒီအပြင်မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်တွေအနေနဲ့ အခုလိုဖြစ်စဉ်မျိုး နောက်ထပ်မဖြစ်ရအောင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ အသင်းတော်တွေရဲ့ လမ်းညွှန်ချက်တွေကို သေချာလိုက်နာကြဖို့ကိုလည်း YMA ဘက်က တိုက်တွန်းထားပါတယ်။






