Border News Agency
မဲဆောက်၊ ဇန်နဝါရီ ၂၃။
ထိုင်းနိုင်ငံ၊ ရနောင်းခရိုင် (Ranong)၊ ကရဘူရီမြို့နယ် (Kra Buri) က ရာဘာတောထဲမှာ တရားမဝင်ဆေးခန်းဖွင့်ထားတဲ့ မြန်မာလင်မယားနှစ်ဦးကို ထိုင်းစစ်တပ်က ဇန်နဝါရီလ ၂၂ ရက် နေ့ကဝင်ရောက်ဖမ်းဆီးလိုက်ပါတယ်။
အဲဒီအသက်ငါးဆယ်သုံးနှစ်အရွယ် ဦးဝင်းမြင့်နဲ့ ဒေါ်နန်းမွေတို့ကို ဖမ်းဆီးလိုက်တာပါ။
သူတို့ကို ကရဘူရီမြို့နယ်၊ ပါ့ကျန်းကျေးရွာရှိ ရာဘာတောထဲကတဲအိမ်တခုမှာ အမှတ်၂၅ ခြေလျင်တပ်ရင်းက ဗိုလ်မှူးကြီးအဖိချိုင် ဦးဆောင်တဲ့အဖွဲ့ကမိခဲ့တာပါ။
အဲဒီဖမ်းဆီးချိန်မှာ မြန်မာနိုင်ငံကတရားမဝင်တင်သွင်းလာတဲ့ ဆေးဝါးတွေ၊ ဆေးကုသတဲ့ကိရိယာပေါင်း တရာ့နှစ်ဆယ်ကျော်အပြင် သက်တမ်းလွန်ဆေးဝါးတွေနဲ့ လူနာမှတ်တမ်းစာအုပ်တွေကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။
သူတို့ဟာတခါကုရင် ဘတ်တရာကနေငါးရာအထိယူပြီး ဆေးကုလာတာနှစ်နှစ်လောက်ရှိပြီလို့ သိရပါတယ်။
အဲဒီလင်မယားနှစ်ဦးဟာ အနီးနားကရာဘာတောနဲ့ စိုက်ပျိုးရေးခြံတွေမှာအလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အဓိကထားပြီးကုသပေးနေတာပါ။
သူတို့ကို ကရဘူရီရဲစခန်းမှာ ဆေးခန်းလိုင်စင်မရှိဘဲ ဖွင့်လှစ်မှု၊ တရားမဝင်ဆေးဝါးရောင်းချမှု၊ တရားမဝင်နေထိုင်မှုနဲ့အလုပ်လုပ်ကိုင်မှု စတဲ့အမှုပေါင်းများစွာနဲ့ အရေးယူထားပါတယ်။
အဲဒီထိုင်းနဲ့မြန်မာကြား ပဋိပက္ခတချို့ကြောင့် တရားမဝင်လုပ်သားတွေကို လိုက်လံဖမ်းဆီးနေတာမို့ ထိုင်းရောက်မြန်မာတွေအနေနဲ့ ဥပဒေနဲ့ယဉ်ကျေးမှုကိုအလေးထားပြီး အနေအထိုင်ဆင်ခြင်ကြဖို့ မြန်မာအရေးလှုပ်ရှားသူတွေက သတိပေးထားပါတယ်။






