Border News Agency
မောင်တော၊ ဇန်နဝါရီ ၂၄
ရခိုင်ပြည်မြောက်ပိုင်းက နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံဖို့ မြန်မာဘက်ကအသင့်ပြင်ထားပေမယ့် ပြန်လာသူတွေမရှိသေးဘူးလို့ စစ်ကောင်စီဘက်က ဆိုပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကော်မရှင်ရဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်အေးအေးသိန်းက ဇန်နဝါရီလ ၂၃ ရက်၊ မနေ့ကပြောပါတယ်။
“နေရပ်စွန့်ခွာသူရှစ်သိန်းကျော်ထဲက လူသုံးသိန်းကျော်ကို စိစစ်ပြီးပြီ။ ဒါပေမယ့်ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ပို့ပေးတာမျိုး မရှိသေးဘူး” လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း ရှေ့ပြေးစီမံကိန်း (Pilot Project) အရ လူဦးရေနှစ်ထောင့်ကိုးရာ့သုံးဆယ်သုံးဦးကို လက်ခံဖို့ နှစ်နိုင်ငံ သဘောတူခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီတုန်းက မြန်မာဘက်ကမျက်မြင်စစ်ဆေးရေးအဖွဲ့တွေ တဖက်နိုင်ငံအထိသွားရောက်ခဲ့သလို ဘင်္ဂလားဒေ့ရှ်ဘက်က ကိုယ်စားလှယ်တွေလည်း မြန်မာ့ပြင်ဆင်မှုကို လာရောက်လေ့လာခဲ့ဖူးတယ်လို့ဆိုပါတယ်။
အဲဒီလက်ခံရေးအတွက် ငါးခူရနဲ့ တောင်ပြိုလက်ဝဲစခန်းတွေကိုတပတ် လူငါးရာနှုန်းလက်ခံနိုင်ဖို့အပြင် ကျေးရွာနှစ်ဆယ်မှာ နေရာချထားပေးဖို့အထိ စီစဉ်ထားခဲ့တယ်လို့ဆိုပါတယ်။
ဒါပေမယ့် အဆင့်ဆင့်ပြင်ဆင်ထားသမျှ ဘင်္ဂလားဒေ့ရှ်ဘက်က ပို့ဆောင်မှုမရှိလို့ အကောင်အထည် မဖော်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။
အဲဒီအပြင် ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေတုန်းကလည်း လူဦးရေထောင်နဲ့ချီ လက်ခံဖို့နှစ်ကြိမ်တိုင်တိုင် အသင့်ပြင်ခဲ့ဖူးပေမယ့် တဖက်နိုင်ငံကပြန်မပို့လို့ ပျက်ပြယ်ခဲ့ရတဲ့သာဓကတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဒေသဖွံ့ဖြိုးရေးအတွက်တော့ UNDP၊ UNHCR တွေနဲ့ နားလည်မှုစာချွန်လွှာ (MOU) ထိုးပြီး အခြေခံအဆောက်အအုံ၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေကို သက်တမ်းတိုးပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ခုလက်ရှိမှာ နေရပ်စွန့်ခွာသူတွေဆန္ဒအလျောက်ပြန်လာမယ်ဆိုရင် အဆင်ပြေချောမွေ့စွာလက်ခံနိုင်ဖို့ လုပ်
ငန်းစဉ်အားလုံးကို အမြဲအသင့်ပြင်ထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။






