Border News Agency
အိန္ဒိယ၊ ဇန်နဝါရီ ၂၄။
မြန်မာ-အိန္ဒိယ ပဲမျိုးစုံနဲ့လယ်ယာကုန်သွယ်မှု တိုးမြှင့်ရေးဆွေးနွေးခဲ့ကြတယ်လို့ စစ်ကော်မရှင်တပ်က ထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်ရဲ့ စိုက်ပျိုးရေး ဒုဝန်ကြီးဒေါက်တာတင်ထွဋ်နဲ့ အိန္ဒိယစားသုံးသူရေးရာဌာန အတွင်းဝန် Smt. Nidhi Khare တို့ဟာ ဇန်နဝါရီလ ၂၃ ရက်၊ မနေ့က ရန်ကုန်မြို့မှာတွေ့ဆုံပြီး နှစ်နိုင်ငံလယ်ယာကဏ္ဍ ကုန်သွယ်မှုတိုးမြှင့်ဖို့ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီတွေ့ဆုံမှုကို ဇန်နဝါရီလ ၂၂ ရက်၊ နေ့လည်ကရန်ကုန်မြို့၊ ပြည်လမ်းမှာရှိတဲ့ Novotel Hotel မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး နှစ်နိုင်ငံ လယ်ယာစီးပွား ကဏ္ဍသစ်တွေဖွင့်လှစ်နိုင်ဖို့အတွက် ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီဆွေးနွေးပွဲမှာ အိန္ဒိယကအဓိကဝယ်ယူနေတဲ့ မတ်ပဲနဲ့ပဲစင်းငုံတွေတင်ပို့ရာမှာ မူဝါဒတည်ငြိမ်စေရေးနဲ့ အရည်အသွေးပိုကောင်းလာအောင် ပိုးသတ်ဆေးဓာတ်ကြွင်း လျှော့ချရေးနည်းပညာပေးလုပ်ငန်းတွေကို တိုးချဲ့ဆောင်ရွက်ဖို့ သဘောတူခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီအပြင်စပါးကိုအခြေခံတဲ့ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တခုလုံး ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ မြန်မာနိုင်ငံက ပဲမျိုးစုံတင်ပို့မှု ရေရှည်တည်တံ့ ခိုင်မြဲစေဖို့အတွက် လိုအပ်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
ပဲမျိုးစုံသာမက ဂျုံသီးနှံနဲ့ ပတ်သက်ပြီးတော့လည်း မျိုးသုတေသနလုပ်ငန်းတွေကနေ ဈေးကွက်တင်ပို့တဲ့အထိ နှစ်နိုင်ငံအကြား နည်းပညာနဲ့ စီးပွားရေးအရ အပြန်အလှန်ကူညီဆောင်ရွက်သွားကြဖို့ ညှိနှိုင်းခဲ့ကြတယ်လို့ ဆိုပါတယ်။






