Border News Agency
နေပြည်တော်၊ ဇန်နဝါရီ ၂၄။
စစ်ကော်မရှင်ကျင်းပနေတဲ့ရွေးကောက်ပွဲဟာ အာဏာတည်မြဲဖို့စီစဉ်ထားတဲ့ အတုအယောင်သာဖြစ်လို့ နိုင်ငံတကာကအသိအမှတ်မပြုဘဲပယ်ချဖို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews က ထပ်မံတိုက်တွန်းလိုက်ပါတယ်။
အဲဒီရွေးကောက်ပွဲဟာ ဇန်နဝါရီလ ၂၅ ရက်မှာပြီးစီးမှာဖြစ်ပြီး အတိုက်အခံတွေကိုဖယ်ရှား၊ မီဒီယာတွေကို ပိတ်ပင်ကာ ပြည်သူတွေကိုခြိမ်းခြောက်ကျင်းပတာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်နေတဲ့ဒေသတချို့မှာတောင် ပြည်သူတွေကိုမဲရုံရောက်အောင် အတင်းအကျပ်စေခိုင်းမှုတွေရှိနေတယ်လို့ သူကထောက်ပြပါတယ်။
အဲဒါကြောင့် လက်ရှိကြံ့ခိုင်ရေးပါတီက အသာစီးရနေတာဟာ စစ်အာဏာရှင်ကိုအရပ်သားအဝတ်အစားလဲပြီး လက်ခံစေချင်တဲ့ကြိုးပမ်းမှုသာ ဖြစ်တယ်လို့ဆိုပါတယ်။
ဒါကိုလက်ခံလိုက်ရင် စစ်အာဏာကိုတရားဝင်ဖြစ်စေပြီး မြန်မာ့အရေးကိုပိုဆိုးသွားစေမယ်လို့ ဆိုပါတယ်။
အဲဒါကြောင့်နိုင်ငံတကာအနေနဲ့ စစ်ကော်မရှင်ဆီစီးဆင်းနေတဲ့ လက်နက်၊ ငွေကြေးနဲ့ လေယာဉ်ဆီတွေကို ဖြတ်တောက်ဖို့နဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒအစစ်အမှန်အတိုင်း အနာဂတ်ကိုဆုံးဖြတ်ခွင့်ပေးဖို့ Tom Andrews က တောင်းဆိုခဲ့ပါတယ်။






