Border News Agency
ပုဏ္ဏားကျွန်း၊ ဇန်နဝါရီ ၂၇။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ပက်ခွက်ဆိပ် (အောင်မင်္ဂလာ) ကျေးရွာအနီးရှိ အများပြည်သူအင်တာနက်အသုံးပြုနေတဲ့နေရာကို ဇန်နဝါရီလ ၂၇ ရက်၊ည ၁ နာရီခွဲအချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီအောင်မင်္ဂလာကျေးရွာအနီးရှိ အများပြည်သူအင်တာနက်အသုံးပြုတဲ့နေရာကို စစ်ကော်မရှင်တပ်က တိုက်လေယာဥ်နှစ်စီးနဲ့ လေကြောင်းမှပေါင် ၅၀၀ တလုံးနဲ့ ပေါင် ၃၀၀ ဗုံးသုံးလုံးအထိ ရွယ်ရည်ချက်ရှိရှိတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ စက်ပစွည်းတွေပျက်စီးခဲ့ရပေမယ့် လူအထိအခိုက်မရှိခဲ့ဘူးလို့ ဒေသခံတွေကဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက လူထုဆက်သွယ်ရေးအဆင်ပြေအောင် အင်တာနက်ဝန်ဆောင်မှုတွေပေးနေတာပါ။
စစ်ကော်မရှင်တပ်ဟာ အဲဒီလိုအများပြည်သူအသုံးပြုနေရာကို ရွယ်ရည်ချက်ရှိရှိတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်အစပ်ရှိ စစ်သုံ့ပန်းစခန်းတခုကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်းနဲ့မိသားစုဝင်နှစ်ဆယ့်တဦးသေဆုံးပြီး သုံးဆယ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ သူတို့ထိန်းချုပ်ထားဆဲဖြစ်တဲ့ ကျောက်ဖြူအပါအဝင် အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့တွေကို စစ်သင်္ဘောတွေကလက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေသေဆုံး၊ ဒဏ်ရာရနေကြရပါတယ်။






