Border News Agency
နေပြည်တော်၊ ဇန်နဝါရီ ၂၇။
မြန်မာနဲ့ပါကစ္စတန် နှစ်နိုင်ငံ စီးပွားရေးနဲ့ ကုန်သွယ်ရေးကဏ္ဍတွေပူးပေါင်းဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြတယ်လို့ စစ်ကော်မရှင်တပ်က ဇန်နဝါရီလ ၂၇ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
ပါကစ္စတန်နိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေဟာ ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်နဲ့ ဇန်နဝါရီလ ၂၇ ရက်၊ ဒီနေ့မှာ တွေ့ဆုံပြီး နှစ်နိုင်ငံအကြား စီးပွားရေးနဲ့ ကုန်သွယ်ရေးကဏ္ဍတွေမှာ ပိုပြီးပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီအစည်းအဝေးမှာ နှစ်နိုင်ငံအကြား စိုက်ပျိုးရေး၊မွေးမြူရေး၊ကုန်စည်ထုတ်လုပ်ရေးနဲ့ နည်းပညာကဏ္ဍတွေမှာ အပြန်အလှန် ပူးပေါင်းသွားဖို့သဘောတူခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီအပြင် ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေမှာလည်း အတူတကွ လက်တွဲဆောင်ရွက်သွားကြဖို့ ဆွေးနွေးခဲ့ကြတယ်လို့လည်းဆိုပါတယ်။
နောက်ပြီးနှစ်နိုင်ငံခြားရေးဝန်ကြီးဌာနတွေကြား မူဝါဒရေးရာ ညှိနှိုင်းဆွေးနွေးပွဲ တည်ထောင်ဖို့အတွက်လည်း သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်ဝန်ကြီးဦးသန်းဆွေဟာ ပါကစ္စတန်ရောက် မြန်မာသံရုံးမိသားစုတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုပြီးခိုင်မာဖို့ကြိုးစားသွားမယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်နဲ့ ပါကစ္စတန်တို့အကြားစစ်ဘက်ဆိုင်ရာ နည်းပညာနဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်မှုပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတယ်လို့ စစ်ရေးလေ့လာသူတွေကဆိုကြပါတယ်။







