Border News Agency
မြောက်ဦး၊ ဇန်နဝါရီ ၂၇ ။
သေဆုံးနိုင်ခြေလေးရာခိုင်နှုန်းကနေခုနှစ်ဆယ့်ငါးရာခိုင်နှုန်းအထိရှိနေတဲ့ နီပါး (Nipah Virus) ဗိုင်းရပ်စ်ပိုး အန္တရာယ်နဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဇန်နဝါရီလ၂၇ ရက်၊ဒီနေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
အဲဒီဗိုင်းရပ်စ်ဟာ လင်းနို့ကိုက်ထားတဲ့ အသီးအနှံတွေ၊လင်းနို့ရဲ့တံတွေးနဲ့ ဆီးတွေကတဆင့် လူကိုကူးစက်နိုင်သလို လူအချင်းချင်း နီးကပ်စွာထိတွေ့မှုနဲ့ လူနာရဲ့ ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေကတစ်ဆင့်လည်း ကူးစက်ပြန့်ပွားနိုင်တယ်လို့ ဆိုပါတယ်။
အဓိကအားဖြင့် ပြင်းပြင်းထန်ထန်ဖျားတာ၊ခေါင်းကိုက်တာ၊အန်တာနဲ့ ဦးနှောက်ရောင်တာတွေအထိဖြစ်ပွားစေနိုင်တဲ့ ရောဂါမျိုး ဖြစ်ပါတယ်။
အဲဒီဗိုင်းရပ်စ်ဟာ အိန္ဒိယနိုင်ငံ၊ကီရာလာပြည်နယ် (Kerala) အတွင်းနီပါးဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် လူသေဆုံးမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး အိန္ဒိယအာဏာပိုင်တွေက အဲဒီဒေသတချို့ကို ကန့်သတ်နယ်မြေတွေအဖြစ်သတ်မှတ်ကာ ရောဂါထိန်းချုပ်ဖို့ ကြိုးပမ်းနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။
အိန္ဒိယမှာဖြစ်ပွားနေတဲ့ ဒီဗိုင်းရပ်စ်ဟာ အသေအပျောက်များတာကြောင့် နယ်စပ်ချင်းထိစပ်နေတဲ့ ဒေသတွေအတွက်ပါ စိုးရိမ်စရာ ဖြစ်လာနေတာပါ။
အဲဒီကာကွယ်ရေးနည်းလမ်းတွေအနေနဲ့ လက်ကို ဆပ်ပြာနဲ့စင်ကြယ်အောင် ဆေးကြောဖို့၊လင်းနို့ကိုက်ထားတဲ့ အသီးအနှံတွေကိုလုံးဝမစားဖို့နဲ့ ဖျားနာနေသူတွေနဲ့ နီးကပ်စွာနေထိုင်တာကို ရှောင်ကြဉ်ဖို့ တိုက်တွန်းထားပါတယ်။
အဲဒီအပြင် လူနာကို ပြုစုရမယ့် အခြေအနေမျိုးမှာလည်း Mask နဲ့ လက်အိတ် စတဲ့ အကာအကွယ်ပစ္စည်းတွေကို စနစ်တကျ ဝတ်ဆင်ကြဖို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဆိုပါတယ်။
အဲဒီနီပါးဗိုင်းရပ်စ်ဟာ ကုသဖို့အတွက် သီးသန့်ကာကွယ်ဆေး ဒါမှမဟုတ် ကုသဆေး (Specific Treatment) မရှိသေးတာကြောင့် ကြိုတင်ကာကွယ်ခြင်းဟာ အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။
ရောဂါလက္ခဏာပြင်းထန်ပါက အသက်ဆုံးရှုံးနိုင်ခြေ များတဲ့အတွက် ပေါ့ပေါ့တန်တန် မထားကြဖို့ ပညာပေးနှိုးဆော်ထားပါတယ်။
အဲဒါကြောင့် မိမိတို့ဆီမှာ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာတွေ ခံစားရပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေကို ချက်ချင်းသွားရောက် ပြသကြဖို့နဲ့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေကို တိတိကျကျ လိုက်နာကြဖို့ အသိပေး ထားပါတယ်။






