Border News Agency
မန္တလေး၊ ဩဂုတ် ၂၄။
မန္တလေးမြို့၊ချမ်းအေးသာစံနဲ့ ချမ်းမြသာစည်မြို့နယ်မှာ ငွေကျပ်သိန်းကိုးထောင်ငါးရာကိုးဆယ်ကျော်တန်ဖိုးရှိ ဘိန်းဖြူ၊စိတ်ကြွဆေးပြားနဲ့ ဘိန်းဆီခဲ မူးယစ်ဆေးဝါးအမြောက်အမြားကို တရားခံငါးဦးနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သြဂုတ်လ ၂၄ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
ချမ်းအေးသာစံမြို့နယ်၊ကန်ကောက်ရပ်ကွက်မှာ သြဂုတ်လ ၁၉ ရက်နေ့က စိုးအောင်နိုင်နဲ့ မစန်းစန်းဝင်းတို့နှစ်ဦးဆီမှ ဒေသကာလတန်ဖိုး ငွေကျပ်လေးရာ့နှစ်ဆယ့်သုံးဒသမငါးသိန်းတန်ဖိုးရှိဘိန်းဖြူ တစ်ဒသမနှစ်တစ်ကီလိုနဲ့ မော်တော်ယာဉ်တစီးကို စတင်ဖမ်းဆီးရမိခဲ့တာပါ။
အဲဒီအပြင်ချမ်းမြသာစည်မြို့နယ်အတွင်း ဘိန်းဆီခဲ နှစ်ဒသမငါးကီလိုနဲ့အတူ မြထူး၊မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှာ ပူးပေါင်းပါဝင်သူ အီညားရှို့နဲ့ အန်တောမြို့ တို့နှစ်ဦးကို တည်းခိုခန်းတခုမှာ Hilux Surf ယာဉ်တစီးနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီအပြင် ဩဂုတ်လ ၂၀ ရက်နေ့ကလည်း ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်ရှိ နေအိမ်အတွင်းမှ ဘိန်းဖြူဆယ့်တစ်ကီလို၊ စိတ်ကြွဆေးပြား သုံးသိန်းခြောက်ထောင်ပြား၊ ဘိန်းစိမ်း လေးဆယ်ရှစ်ကီလိုနဲ့ ဘိန်းဆီခဲ ဆယ့်နှစ်ဒသမငါးကီလိုကို ထပ်မံရှာဖွေသိမ်းဆည်းနိုင်ခဲ့ပါတယ်။
အဲဒီဖမ်းဆီးရမိသူ တရားခံငါးဦးလုံးကို သက်ဆိုင်ရာ ရဲစခန်းတွေမှာမူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုဖွင့်ထိန်းသိမ်းထားပြီး ကွင်းဆက်တွေကိုဆက်လက်ဖော်ထုတ်နေပါတယ်။











