Border News Agency
ဒီပဲယင်း၊ အောက်တိုဘာ ၈။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာကို အောက်တိုဘာလ ၈ ရက်၊ ဒီနေ့ နေ့လည်အချိန်မှာ အာဏာသိမ်းစစ်တပ်က ပါရာမော်တာနဲ့တိုက်ခိုက်ခဲ့တာကြောင့် မိသားစုဝင်လေးဦးသေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။
အဲဒီမူးကမ်းကြီးကျေးရွာကို ဒီနေ့ နေ့လည် ၁ နာရီ ၁၈ မိနစ်အချိန်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဘက်ကတက်လာတဲ့ ပါရာမော်တာမှ ဗုံးနှစ်လုံးနဲ့ရွယ်ရည်ချက်ရှိရှိတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီဗုံးဟာ ကိုနေစိုးနိုင်ရဲ့နေအိမ်မှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဇနီး၊ သမီး၊ ညီမနဲ့အစ်ကိုဖြစ်သူတို့လေးဦးစလုံး မီးလောင်သေဆုံးခဲ့ရတာပါ။
အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းရန်အန္တရာယ်ပိုမိုမြင့်မားလာတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းသတင်းတွေကို သတိထားနားစွင့်ကြဖို့နဲ့ လေယာဉ်တက်လာရင်လုံခြုံရေးပုန်းခိုရာနေရာတွေမှာ ဂရုတစိုက်ရှောင်တိမ်းကြဖို့လည်း ဒီပဲယင်းမြို့နယ် ပအဖ ကအသိပေးထားပါတယ်။







