Border News Agency
နေပြည်တော်၊ အောက်တိုဘာ ၈။
အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်နေတယ်ဆိုပြီး DVB အပါအဝင် ပြည်ပရောက်လွတ်လပ်တဲ့ သတင်းဌာနငါးခုနဲ့ တော်လှန်ရေး အင်အားစုတွေကိုအပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (INTERPOL) ကတဆင့် ဖမ်းဆီးပေးဖို့ အကူအညီတောင်းထားတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ပြည်ထဲရေး ဒုတိယဝန်ကြီး မင်းသူကပြောပါတယ်။
အောက်တိုဘာလ ၆ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မေးမြန်းချက်တခုကို ပြန်လည်ဖြေကြားစဉ် အခုလိုထည့်သွင်းပြောဆိုခဲ့တာပါ။
အာဏာသိမ်းစစ်တပ်ဟာ DVB၊ ဧရာဝတီ၊ မြန်မာနောင်း၊ ခေတ်သစ်၊ မဇ္ဈိမ သတင်းဌာနတို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ CRPH နဲ့ PDF အဖွဲ့ဝင်တွေ၊ ထောက်ပံ့သူတွေကို နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ဆူပူလှုံ့ဆော်မှု၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေစတဲ့ ထောင်ဒဏ်နှစ်ရှည်ကျနိုင်တဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့ဆိုပါတယ်။
အင်တာပိုလ်ကတဆင့် ဖမ်းဆီးခိုင်းထားပေမယ့် သက်ဆိုင်ရာနိုင်ငံတွေရဲ့ နိုင်ငံရေးသဘောထားကြောင့် ဖမ်းဆီးရမိမှု အလွန်နည်းပါးကြောင်းနဲ့ စစ်တပ်ကို ဆန့်ကျင်သူတထောင့်သုံးရာလေးဆယ်တ ဦးရဲ့ ပတ်စပို့တွေကိုပယ်ဖျက်ကာ အမည်ပျက်စာရင်း ထည့်သွင်းထားတယ်လို့လည်းဆိုပါတယ်။
အဲဒီအပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား တရားခံလွှဲပြောင်းရေးစာချုပ်မှာ ပါဝင်လက်မှတ်ထိုးထားပြီးဖြစ်တယ်လို့လည်း အာဏာသိမ်းစစ်တပ်ပြည်ထဲရေး ဒုဝန်ကြီးကထည့်သွင်းပြောကြားသွားပါတယ်။






