Border News Agency
မောင်တော၊ ဇန်နဝါရီ ၃၀။
အာရက္ခဒေသက ငတ်မွတ်ဘေးကြုံနေရတဲ့ ပြည်သူတွေဆီလူသားချင်းစာနာမှု အကူအညီတွေ မရောက်အောင် တားဆီးပိတ်ပင်ထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ဇန်နဝါရီလ ၃၀ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒါဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးငါးနှစ်ကြာတဲ့အထိ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ဆက်ဖြစ်နေတာကို ပြနေတာလို့ ဆိုပါတယ်။
IIMM အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က အာရက္ခဒေသအရေးအပြင် တနိုင်ငံလုံးမှာရှိတဲ့အရပ်သားနေအိမ်တွေ၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေကို လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာတွေကိုပါ ထောက်ပြထားပါတယ်။
အဲဒီအပြင် ကလေးသူငယ်တွေအပါအဝင် လူပေါင်းစုံဟာမုဒိမ်းမှုနဲ့လိင်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေကိုရင်ဆိုင်နေရသလို၊ လေကြောင်းတိုက်ခိုက်မှုဒဏ်ကိုလည်း အမြဲကြောက်လန့်နေရတယ်လို့ ဆိုပါတယ်။
အခု စုဆောင်းထားတဲ့ အထောက်အထားတွေအရ မြန်မာစစ်တပ်က ဒီရာဇဝတ်မှုတွေကို ကျူးလွန်နေတာလို့ ညွှန်ပြနေသလို အတိုက်အခံ လက်နက်ကိုင်အဖွဲ့တွေဘက်ကကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်းယန္တရားက မျှမျှတတ စုံစမ်းစစ်ဆေးနေတယ်လို့ဆိုပါတယ်။
အဲဒီထဲအထူးသဖြင့် ဥပဒေမဲ့ဖမ်းဆီးတာနဲ့ အကျဉ်းထောင်တွေထဲမှာ ရက်စက်စွာ နှိပ်စက်တာတွေဟာ နိုင်ငံတကာဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေတာ ဖြစ်တယ်လို့ဆိုပါတယ်။
IIMM အနေနဲ့ ဒီရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို တရားစွဲဆိုနိုင်ဖို့ အထောက်အထားတွေကို စနစ်တကျ မှတ်တမ်းတင်ထားတယ်လို့ဆိုပါတယ်။
အဲဒီ ပြစ်မှုကျူးလွန်သူတွေအနေနဲ့ သူတို့လုပ်ရပ်တွေကို စုံစမ်းစစ်ဆေးနေတာ သိထားသင့်ပြီး တရားမျှတမှုအတွက် နိုင်ငတကာတရားရုံးတွေနဲ့ အသင့်ပူးပေါင်းသွားမယ်လို့ အသိပေးထားပါတယ်။






