BNA

မြောက်ဦးခရိုင်

​မြောက်ဦးလေကြောင်းတိုက်ခိုက်ခံရမှု ဒဏ်ရာရသူထဲက အမျိုးသမီးတဦး ထပ်မံသေဆုံး

Border News Agency ​မြောက်ဦး၊ ဖေဖော်ဝါရီ ၂၂။ ​အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒဏ်ရာရသွားခဲ့တဲ့ အသက် ၆၀ အရွယ် အမျိုးသမီးတဦးထပ်မံသေဆုံးသွားတယ်လို့ သိရပါတယ်။ အဲဒီ ​သေဆုံးသွားသူဟာ စစ်တွေဘက်ကနေ မြောက်ဦးမှာ လာရောက်စစ်ဘေးရှောင်နေတဲ့ ဒေါ်အောင်မစိန်ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၂၀ ရက်နေ့ မနက်ပိုင်းမှာပဲ ဆေးကုသနေရင်းဒဏ်ရာပြင်းထန်တာကြောင့် သေဆုံးသွားခဲ့တာပါ။  သူမဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၂ ရက်နေ့က စစ်ကော်မရှင်တပ် စစ်ဘေးရှောင်တွေခိုလှုံတဲ့နေရာကို ပေါင် ၅၀၀ ဗုံးနဲ့လေကြောင်းတိုက်ခိုက်ခံရစဉ် ကျောကုန်းနဲ့ခြေထောက်တွေမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတာကြောင့် ဆေးကုသမှုခံယူနေရင်း သေဆုံးသွားတာလို့ ဆိုပါတယ်။ ​အဲဒီလေကြောင်းတိုက်ခိုက်မှုတုန်းက ဒေါ်အောင်မစိန်ရဲ့ အသက် ၂ လသားအရွယ် မြေးဖြစ်သူ ကလေးငယ်လည်း သေဆုံးခဲ့ရသလို တခြားအရပ်သားပြည်သူ ၇ ဦးလည်း ဒဏ်ရာရသွားခဲ့ကြတာပါ။ စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေကို နေ့စဥ်နဲ့အမျှလေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတာကြောင့် အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရနေကြရပါတယ်။ အဲဒီအပြင် စစ်ကော်မရှင်တပ်ဟာ အာရက္ခဒေသကို တိုက်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ ကင်းထောက်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်း၊ ရေကြောင်းရန်တွေကို အထူးသတိပြုကြဖို့ အာရက္ခတပ်တော်က အသိပေးထားပါတယ်။

Read more

မင်းပြားမှာကျင်းပတဲ့ ချင်းအမျိုးသားနေ့ကို ULA/AA က ငွေကျပ်သိန်း ၁၀၀ ကျော် ထောက်ပံ့ဂုဏ်ပြု

​၇၈ ကြိမ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို မင်းပြားခရိုင်အတွင်းမှာဖေဖော်ဝါရီလ၂၀ ရက်၊မနေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က တာဝန်ရှိသူတွေ တက်ရောက်ဂုဏ်ပြုခဲ့ကြပြီး ပွဲကျင်းပရေးအတွက် ငွေကျပ် သိန်း ၁၀၀ ကျော် ထောက်ပံ့ပေးအပ်ခဲ့တာပါ။ အဲဒီ ​အတွင်းမှာ ချင်း၊သက္ကမ တိုင်းရင်းသားတွေနဲ့အတူ အာရက္ခစစ်သည်တော်တွေက ရိုးရာအကအလှတွေနဲ့ ဖျော်ဖြေခဲ့ကြပြီး စုပေါင်းစည်းလုံးမှုကို ပြသခဲ့ကြပါတယ်။ ​ULA/AA ဘက်ကလည်း ချင်းလူမျိုးတွေရဲ့ အမျိုးသားနေ့ကို ဂုဏ်ပြုတဲ့ သဝဏ်လွှာဖတ်ကြားခဲ့သလို နောင်နှစ်တွေမှာလည်း ဒီထက်မက ပိုမိုပံ့ပိုးပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ​ပလက်ဝအပါအဝင် အာရက္ခဒေသအတွင်းက ခရိုင်အသီးသီးမှာချင်းအမျိုးသားနေ့ကို စည်စည်ကားကား ကျင်းပနေကြတာလည်း ဖြစ်ပါတယ်။

Read more

ကျောက်တော်ကမူဆလင်ရွာတွေမှာ အာရက္ခကျန်းမာရေးဌာနက ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

Border News Agency ကျောက်တော်၊ ဖေဖော်ဝါရီ ၂၀။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့​ကျောက်တော်မြို့နယ်က မူဆလင်ကျေးရွာတွေမှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကျန်းမာရေးစောင့်ရှောက်မှုပေးနေပါတယ်။ အဲဒီ မူဆလင်ကျေးရွာတချို့မှာ  ၅ နှစ်အောက် ကလေးငယ်တွေအပါအဝင် ဒေသခံတွေဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားနေရတာကြောင့် ဖေဖော်ဝါရီလ ၁၇ ရက်ကနေ ၁၈ ရက်အထိ ကွင်းဆင်းဆေးကုသပေးခဲတာပါ။ ​ရောဂါဖြစ်ပွားနေတဲ့ ဆင်အိုးချိုင်နဲ့ ပေါက်တောပလောင်ကျေးရွာတွေမှာ အခုလိုကွင်းဆင်းကုသပေးခဲ့တာဖြစ်ပြီး ပေါက်တောပလောင်ရွာက ၅ နှစ်အောက် ကလေးငယ်တဦးကတော့ ရောဂါကြောင့် ဆုံးပါးသွားခဲ့ရတယ်လို့ သိရပါတယ်။ ​ကျန်းမာရေးဌာနအနေနဲ့ လူနာတွေကိုဆေးကုသပေးတာအပြင် ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပေးတာတွေကိုပါ တစ်ပါတည်းဆောင်ရွက်ခဲ့ပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါဟာ မသန့်ရှင်းတဲ့ရေနဲ့ အစားအစာတွေကြောင့်ဖြစ်ပွားတာမို့ ရေကြိုချက်သောက်ဖို့နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ကြဖို့ကိုလည်း အထူးသတိပေးထားပါတယ်။

Read more

မင်းပြားမှာစစ်ကျန်လက်နက်ကို ဓားနဲ့ခုတ်ကြည့်ရာမှ ပေါက်ကွဲလို့ အရပ်သားနှစ်ဦးသေဆုံး

Border News Agency  မင်းပြား၊ ဖေဖော်ဝါရီ ၁၅။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မင်းပြားမြို့နယ်မှာ စစ်ကျန်လက်နက်ကို ဓားနက်ခုတ်ကြည့်ရာမှာ ပေါက်ကွဲလို့ အရပ်သားမူဆလင်နှစ်ဦး သေဆုံးသွားခဲ့ပါတယ်။  အဲဒီ သေဆုံးခဲ့သူတွေမှာ မြောက်ဦးမြို့နယ်၊ ဆီသည်ကျေးရွာမှ အသက် ၃၅ နှစ်အရွယ် ဦးအာဒူလာမိန်၊ တန်းဆိပ်ကျေးရွာမှ အသက် ၂၇ နှစ်အရွယ် ဦးမာ့မာတ်ယေနာ (ခ) မာ့အိုင်ရ်နက်တို့ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဖေဖော်ဝါရီလ ၁၄ ရက်၊ ညနေအချိန်က မင်းပြားမြို့နယ်၊ ဖားပျော်ကျေးရွာအနီးက ခုတ်ထားတဲ့ထင်းကိုသွားယူရာ စစ်ကျန်ဗုံးကိုတွေ့ကာ ဓားနဲ့ခုတ်မိရာကနေ ပေါက်ကွဲပြီးသေဆုံးသွားခဲ့ကြတာလို့ ဒေသခံတွေကဆိုကြပါတယ်။  အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့‎ မောင်တောမြို့နယ်၊ အေတီလီယာရွာမှာလည်း ဖေဖော်ဝါရီလ ၈ ရက်နေ့က မြေမြုပ်မိုင်းထုမိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ကလေးတဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီအပြင်ဂွမြို့နယ်၊ ကျိန္တလီမြို့မှာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၂၀ ရက်နေ့က စစ်ကျန်လက်နက်နဲ့ ဆော့ကစားမိရာမှာ ကလေးငယ်တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှာ ကလေးတွေအပါအဝင် လူကြီးတွေဟာလည်း စစ်ကျန်လက်နက်ပစွည်းတွေကို ထိတွေ့ကိုင်တွယ်ပြီး မကြာခဏသေဆုံး၊ ဒဏ်ရာရတာတွေရှိနေကြပါတယ်။ အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရ ထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာလုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

Read more

တလအတွင်းလေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၁၂၀ ကျော်သေဆုံး

အာရက္ခဒေသအပါအဝင် နိုင်ငံတဝန်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဇန်နဝါရီလတလတည်းမှာတင်အရပ်သား ၁၂၇ ဦး သေဆုံးပြီး ၂၄၁ ဦး ဒဏ်ရာရခဲ့တယ်လို့ Myanmar Defense & Security Institute (MDSI) က ဖေဖော်ဝါရီလ ၁၃ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးနဲ့ သံတွဲမြို့နယ်တွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်အထိ ပြုလုပ်ခဲ့တာကြောင့် သေဆုံး၊ ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ ​ဇန်နဝါရီလအတွင်း နိုင်ငံတစ်ဝှမ်းမှာ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၁၀၉ ကြိမ်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုတွေဟာ စစ်ရေးပစ်မှတ်တွေထက်စာသင်ကျောင်း၊ဆေးရုံ၊ဘာသာရေးအဆောက်အအုံနဲ့ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို ဦးတည်နေတာလို့ဆိုပါတယ်။ အဲဒီ​လေကြောင်းတိုက်ခိုက်မှုတွေရဲ့ ၄၈ ရာခိုင်နှုန်းဟာ စစ်ကိုင်းတိုင်းမှာ ဖြစ်ပွားခဲ့ပြီး အရပ်သားသေဆုံးမှု အမြင့်ဆုံး ဖြစ်ခဲ့ပေမယ့် တန်ပြန်ထိုးစစ်တွေရှိနေတဲ့ ရခိုင်အပါအဝင် အခြားဒေသတွေမှာလည်း လေကြောင်းရန်ဟာ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

Read more

​ကျောက်တော်မှာ ယာဉ်အန္တရာယ်ကင်းဖို့ DLEPS က လက်ကမ်းစာစောင်တွေ ဖြန့်ဝေ

​အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်မှာ ယာဉ်တိုက်မှုတွေ လျော့နည်းစေဖို့အတွက် တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ယာဉ်အန္တရာယ်သတိပေး လက်ကမ်းစာစောင်တွေ လိုက်လံဖြန့်ဝေနေပါတယ်။ ဒီလုပ်ငန်းစဉ်ကို DLEPS တပ်ဖွဲ့ဝင်တွေနဲ့ ULA/AA အဖွဲ့ဝင်တွေ ပူးပေါင်းပြီး မြို့ပေါ်က လမ်းဆုံလမ်းခွတွေ၊ဈေးတွေနဲ့ ကားဂိတ်၊ ဆိပ်ကမ်းတွေမှာ အသိပညာပေး ဗီနိုင်းတွေစိုက်ထူတာ၊ စာစောင်ဝေတာတွေ လုပ်ဆောင်နေတာပါ။ ​အဓိကကတော့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ထုတ်ပြန်ထားတဲ့ ယာဉ်စည်းကမ်း ၁၀ချက်နဲ့ လမ်းအသုံးပြုသူတွေ လိုက်နာရမယ့် စည်းကမ်း ၁၉ ချက်ကို ပြည်သူတွေ သိရှိလိုက်နာဖို့အတွက် ကြပ်မတ်စစ်ဆေးနေတာ ဖြစ်ပါတယ်။ ​အာရက္ခတပ်တော်ကထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ အာရက္ခပြည်သူတွေဘေးကင်းလုံခြုံစေဖို့အတွက် လမ်းမတွေပေါ်မှာ ယာဉ်ကြောရှင်းလင်းတာနဲ့ အသိပညာပေးတာတွေကို အခုလို ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

Read more

​မြောက်ဦးနဲ့ကျောက်တော်ကို စစ်ကော်မရှင်တပ်လေကြောင်းကတိုက်ခိုက်

Border News Agency ​မြောက်ဦး၊ ဖေဖော်ဝါရီ ၁၂။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးနဲ့ကျောက်တော်မြို့တွေကို ဖေဖော်ဝါရီလ ၁၂ ရက်၊ ဒီနေ့ ည ၉ နာရီ ၂၀ မိနစ်ဝန်းကျင်မှာ စစ်ကော်မရှင်တပ် လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။  ​"နှစ်လုံးချတာပဲ ကြားရတယ်။ ည ၉ နာရီ ၂၅ မိနစ်လောက်မှ လေယာဉ်ပြန်ထွက်သွားတာ။ ဗုံးခိုကျင်းမရှိတော့ ကြောက်လွန်းလို့ကုတင်အောက်တွေမှာပဲ ဝင်ပုန်းနေကြရတယ်။" လို့ မြောက်ဦးဒေသခံတဦးက Border News Agency ကိုပြောပါတယ်။ ​လက်ရှိမှာ လေယာဉ်ပြန်ထွက်သွားပြီဖြစ်ပေမယ့် ဒေသခံပြည်သူတွေကတော့ ထပ်ပြီးတိုက်ခိုက်ခံရမှာကိုစိုးရိမ်ပြီး ထိတ်လန့်နေကြရပါတယ်။ ​ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကိုတော့ ဆက်လက်အတည်ပြုနေဆဲ ဖြစ်ပါတယ်။

Read more
Page 1 of 38 1 2 38

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here