Border News Agency
နေပြည်တော်၊ ဖေဖော်ဝါရီ ၁။
စစ်အာဏာသိမ်းမှုငါးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တော်လှန်ရေးအင်အားစု နှစ်ဆယ့်သုံးဖွဲ့က ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ဖျက်ဖို့ဆိုရင် အင်အားစုအားလုံး ပါဝင်တဲ့ “တပ်ပေါင်းစုကြီး” တရပ်ကို မဖြစ်မနေတည်ဆောက်ကြရမယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ ဖိနှိပ်မှုတွေနဲ့ အတုအယောင်နိုင်ငံရေးခြေလှမ်းတွေကို တိုက်ထုတ်နိုင်ဖို့အတွက် တော်လှန်ရေးအဖွဲ့အစည်းတွေကြား ညီညွတ်တဲ့သဘောထားတွေ၊ ခိုင်မာတဲ့မဟာမိတ်စုစည်းမှုတွေနဲ့ ဘုံရည်မှန်းချက်တခုတည်းအောက်မှာ စုစည်းဖို့လိုအပ်နေတယ်လို့ ဆိုပါတယ်။
သမိုင်းကြောင်းကိုပြန်ကြည့်ရင် နယ်ချဲ့ဆန့်ကျင်ရေးကာလမှာ “ဖဆပလ” တပ်ပေါင်းစုကြီးအဖြစ် စုစည်းခဲ့သလို ၁၀၂၇ စစ်ဆင်ရေးမှာလည်း တောင်တန်းမြေပြန့်အင်အားစုတွေပေါင်းစည်းပြီး စစ်တပ်ကိုချေမှုန်းနိုင်ခဲ့တာဟာ တော်လှန်ရေးအရှိန်ကိုမြှင့်တင်ပေးခဲ့တဲ့ သာဓကတွေဖြစ်တယ်လို့ မဟာမိတ်အဖွဲ့တွေက ထောက်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်မှာ စစ်ကော်မရှင်တပ်ရဲ့ ရွေးကောက်ပွဲပြီးဆုံးသွားပေမဲ့ ဒါဟာပြည်သူကိုလှည့်ဖျားတာသာဖြစ်ပြီး တော်လှန်ရေးအရှိန်လျော့သွားအောင် စစ်အုပ်စုကဆက်ပြီး အားထုတ်နေဦးမှာဖြစ်တယ်လို့လည်း သတိပေးထားပါတယ်။
အဲဒါကြောင့် ပြည်တွင်းပြည်ပက တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူလူထုအနေနဲ့ စစ်အုပ်စုရဲ့ “ရွှေရည်စိမ်အပြောင်းအလဲ” တွေကိုလုံးဝလက်မခံဘဲ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ကျဆုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားဖို့ မဟာမိတ်နှစ်ဆယ့်သုံးဖွဲ့က ပူးတွဲသဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။
ငါးနှစ်ပြည့်တဲ့ဒီနေ့ကစပြီး တော်လှန်ရေးအဖွဲ့တွေကြား ကျယ်ပြန့်တဲ့တပ်ပေါင်းစုကြီးပေါ်ပေါက်လာအောင်ကြိုးပမ်းရင်း လူထုကိုမျက်နှာမူကာ တိုက်ပွဲအရှိန်ကိုမြှင့်တင်ကြဖို့ မဟာမိတ်အဖွဲ့တွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။






