Border News Agency
မုံရွာ၊ ဖေဖော်ဝါရီ ၁။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းခဲ့တာ ငါးနှစ်ပြည့်မြောက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်၊ ဒီနေ့မှာ “တော်လှန်ဒီရေမြင့်သစ်သို့” ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။
အဲဒီလှုပ်ရှားမှုကို မုံရွာမြို့ရဲ့အထင်ကရနေရာတခုမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တိုင်းပြည်အနာဂတ်အမှောင်ကျစေခဲ့တဲ့ စစ်အာဏာသိမ်းမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ပြသခဲ့ကြတာပါ။
ပြည်သူ့အာဏာကို မတရားလုယူခံရမှု ငါးနှစ်ပြည့်တဲ့အချိန်မှာ မုံရွာလူထုအနေနဲ့ အာဏာရှင်စနစ်ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သပိတ်ကော်မတီက ဆိုပါတယ်။
”လူထုအရေးတော်ပုံ မုချအောင်မြင်ရမည်” ဆိုတဲ့ ယုံကြည်ချက်နဲ့အတူ မုံရွာမြို့ခံတွေဟာ အဖိနှိပ်ခံဘဝကနေလွတ်မြောက်ဖို့အတွက် လမ်းမပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။
ငါးနှစ်တာကာလပတ်လုံး အရှိန်အဟုန်မပျက်ဘဲဆင်နွှဲနေတဲ့ မုံရွာလူထုသပိတ်ဟာ အာဏာသိမ်းနှစ်ပတ်လည်နေ့မှာ တော်လှန်ရေးအင်အားစုတွေကို ခွန်အားသစ်ပေးတဲ့ လှုပ်ရှားမှုတခုလည်း ဖြစ်ပါတယ်။












