Border News Agency
ကျောက်ဖြူ၊ ဖေဖော်ဝါရီ ၁။
ကျောက်ဖြူမြို့နယ်မှာ ဇန်နဝါရီလ ၃၀ ရက်၊ ညနေပိုင်းက စစ်ကော်မရှင်တပ်ရဲ့ ရေတပ်စစ်သင်္ဘောတွေက လက်နက်ကြီးပစ်ခတ်ခဲ့လို့ အရပ်သားတဦး သေဆုံးသွားခဲ့ပါတယ်။
အဲဒီဇင်ချောင်းကုန်ဘွယ်ရွာက အသက်လေးဆယ်ငါးနှစ်အရွယ် ဦးမောင်ဖြူစိုး (ခ) ခင်မောင်ထွေးသေဆုံးသွားခဲ့တာပါ။
အဲဒီ ဇင်ချောင်းကုန်ဘွယ်ရွာကို ဇန်နဝါရီလ ၃၀ ရက်၊ ညနေ ၅ နာရီအချိန်ခန့်က ဇင်ချောင်းပင်လယ်ပြင်မှာအခြေစိုက်ထားတဲ့ စစ်ကော်မရှင်တပ်ရဲ့ရေတပ်စစ်သင်္ဘောက လက်နက်ကြီးသုံးလုံးပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီလက်နက်ကြီးဟာ ဇင်ချောင်းရွာနဲ့ကျောက်ကလေရွာကြား ကမ်းစပ်နားမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အနားမှာရှိနေတဲ့ ဦးမောင်ဖြူစိုး ကျည်စထိမှန်ကာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်၊ သဖန်းချောင်းရွာကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်ရဲ့ရေတပ်စစ်သင်္ဘောက ရွယ်ရည်ချက်ရှိရှိလက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံးခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ကျောက်ဖြူအပါအဝင် အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေကမိဘပြည်သူတွေဟာ စစ်ကော်မရှင်တပ်ရေကြောင်း၊လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။







