Border News Agency
ရန်ကုန်၊ ဖေဖော်ဝါရီ ၁။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းထားတဲ့ငါးနှစ်အတွင်း အကျဉ်းထောင်အသီးသီးမှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားနဲ့ အကျဉ်းသူစုစုပေါင်း နှစ်ရာ့ခုနှစ်ဆယ့်လေးဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့ မြန်မာ့အကျဉ်းထောင်သက်သေ (MPW) အဖွဲ့က ဖေဖော်ဝါရီလ ၁၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီသေဆုံးသူတွေဟာ နှစ်အလိုက်သေဆုံးမှုနှုန်းကိုကြည့်ရင် ၂၀၂၁ မှာနှစ်ဆယ့်ငါးဦးကနေ တဖြည်းဖြည်းမြင့်တက်လာပြီး ၂၀၂၅ ခုနှစ်မှာတော့ တရာ့တဆယ့်သုံးဦးအထိ ရှိလာခဲ့ပါတယ်။
အဲဒါဟာငါးနှစ်တာအတွင်းမှာ အဆိုးရွားဆုံးနဲ့ သေဆုံးမှုအများဆုံးနှစ် ဖြစ်လာခဲ့တာပါ။
နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးရတဲ့အဓိကအကြောင်းအရင်းတွေကတော့ ထောင်တွင်းမှာလုံလောက်တဲ့ ဆေးကုသခွင့်မရတာ၊ စနစ်တကျညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရတာနဲ့ သေဒဏ်ပေးခံရတာတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
MPW အဖွဲ့ကတော့ ဒါဟာ နိုင်ငံရေးအကျဉ်းသားတွေကို အငြိုးအတေးထားပြီးသေဆုံးစေဖို့နဲ့ ကျန်တဲ့သူတွေကို အကြောက်တရားသွင်းဖို့ စစ်ကော်မရှင်က ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတာဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
အဲဒီလိုလုပ်ရပ်တွေဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) ပါ အသက်ရှင်သန်ခွင့်နဲ့ ညှဉ်းပန်းနှိပ်စက်မှု ပပျောက်ရေးဆိုင်ရာအချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွတ်မြောက်ဖို့၊ ထောင်တွင်းလူသတ်မှုမှာပါဝင်သူတွေကို အရေးယူဖို့နဲ့ အကျဉ်းထောင်တွေကို နိုင်ငံတကာ စစ်ဆေးရေးအဖွဲ့တွေ စေလွှတ်ပေးဖို့ MPW က အရေးပေါ် တောင်းဆိုထားပါတယ်။






