Border News Agency
ကျောက်တော်၊ ဖေဖော်ဝါရီ ၂။
နွေဦးတော်လှန်ရေးငါးနှစ်နီးပါးကာလအတွင်းမှာ စစ်ကော်မရှင်တပ်ရဲ့ မတရားသတ်ဖြတ်မှုတွေကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူ ၁၁,၄၇၂ ဦး သေဆုံးခဲ့ရပါတယ်။
အဲဒီထဲမှာ အာရက္ခဒေသဟာ သေဆုံးမှုနှုန်း အမြင့်ဆုံးဒေသတွေထဲက တခုဖြစ်နေတယ်လို့ အမျိုးသမီး၊လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန (MOWYCA) က ဖေဖော်ဝါရီလ ၁ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီကလေးသူငယ်တွေ သေဆုံးမှုမှာ အာရက္ခဒေသဟာ စစ်ကိုင်းတိုင်းပြီးရင် ဒုတိယအများဆုံး သေဆုံးမှုနှုန်း ရှိနေပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ သေဆုံးခဲ့ရတဲ့ ကလေးငယ် ၁,၃၇၉ ဦးထဲမှာ ရခိုင်က ကလေးငယ် အများအပြား ပါဝင်နေပါတယ်။
အဲဒီအပြင် တနိုင်ငံလုံးမှာ အမျိုးသမီး ၂,၆၅၂ ဦး အသက်ဆုံးရှုံးခဲ့ရပြီး အာရက္ခဒေသဟာ စစ်ကိုင်းနဲ့ မန္တလေးပြီးရင် အမျိုးသမီးသေဆုံးမှု တတိယအများဆုံး ပြည်နယ်ဖြစ်နေတာပါ။
အာရက္ခဒေသမှာ စစ်ကော်မရှင်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေ့စဉ်နဲ့အမျှအမျိုးသမီးတွေရဲ့ အသက်အန္တရာယ်ဟာ စိုးရိမ်စရာ အခြေအနေမှာ ရှိနေတယ်လို့ဆိုပါတယ်။
အထူးသဖြင့် ၂၀၂၅ ခုနှစ်အတွင်းမှာ အာရက္ခဒေသကတိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာနဲ့အမျှ ကလေးငယ်တွေနဲ့အမျိုးသမီးတွေဟာ စစ်ကော်မရှင်တပ်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို ပိုပြီး ခံစားခဲ့ကြရတာပါ။
စစ်ကော်မရှင်တပ်ဟာ အရပ်သားတွေနေထိုင်တဲ့ ရပ်ကွက်နဲ့ကျေးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် အပြစ်မဲ့တဲ့ ကလေးငယ်တွေရဲ့အနာဂတ်ဟာ စစ်မြေပြင်မှာ အမှောင်ကျခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။






