Border News Agency
နေပြည်တော်၊ ဖေဖော်ဝါရီ ၅။
စစ်ကော်မရှင်တပ်ရင်းတွေအတွင်းမှာ WY စိတ်ကြွရူးသွပ်ဆေးပြားတွေကို အရာရှိတွေကိုယ်တိုင် စစ်မှုထမ်းလူငယ်တွေကို ပြန်လည်ဖြန့်ဖြူးရောင်းချနေတယ်လို့ အာရက္ခတပ်တော် (AA) ဆီအလင်းဝင်လာတဲ့ တပ်သားနိုင်ခန့်ကျော်က ဆိုပါတယ်။
အဲဒီစစ်ကော်မရှင်တပ်ရဲ့ ခမရ ၅၇၄ မိခင်တပ်ရင်းမှာ မွမ်းမံသင်တန်းတက်ရောက်စဉ်အတွင်း တပ်ရင်းရှိအရာရှိကြီးတွေကိုယ်တိုင် မူးယစ်ဆေးဝါးသုံးစွဲနေကြသလို သင်တန်းသားတွေကိုလည်း ပြန်လည်ရောင်းချနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
”ကျွန်တော်တို့ သင်တန်းသားတွေက အပြင်ထွက်လို့မရဘူး။ ဒီဆေးတွေက ဘယ်ကလာလဲဆိုတာစဉ်းစားစရာပဲ။ ညနေပိုင်းဆို အိမ်သာတွေမှာမူးယစ်ဆေးနံ့တွေ မတရားနံနေတယ်။” လို့ တပ်သားနိုင်ခန့်ကျော်က တပ်တွင်းအခြေအနေကို ပြောပြပါတယ်။
အဲဒီအပြင် မြေလတ်ဒရုန်းတပ်ဖွဲ့သို့ ရောက်ရှိချိန်မှာလည်း တပ်တွင်းရှိဗိုလ်ကြီးတွေက စစ်မှုထမ်းပြည်သူ့စစ်လူငယ်တွေကို WY ဆေးပြားတွေအတင်းအဓမ္မရောင်းချခဲ့ပြီး “ဒီဆေးကရှေ့တန်းစစ်မျက်နှာမှာ ကောင်းတယ်။ မဖြစ်မနေဆောင်ထားရမယ်ဆိုပြီး” တိုက်တွန်းပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲဒီ မူးယစ်ဆေးဝါးတွေကို ပဒါန်းမြို့ကနေတပ်ကြပ်ကြီးတဦးက ဆိုင်ကယ်နဲ့လာရောက်ပို့ဆောင်ပေးတာဖြစ်ပြီး မြေလတ်ရှိဗိုလ်ကြီးတွေကတစ်ဆင့် တပ်မ ၁၀၁ က အရာရှိတွေကိုပါ ပြန်ပြီးရောင်းချနေတာလို့ ဆိုပါတယ်။
အဲဒီတပ်ရင်းတွေအတွင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေဟာ အလွန်အမင်းကျယ်ပြန့်နေတာကြောင့် စစ်တပ်နဲ့မတူဘဲ မူးယစ်ဆေးဝါးအရောင်းအဝယ်စင်တာတခုလိုဖြစ်နေသလို ဆေးသုံးစွဲမှုလွန်ကဲပြီး ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်သတ်သွားတဲ့ တပ်ကြပ်တဦးရှိခဲ့တယ်လို့လည်း ဆိုပါတယ်။






