Border News Agency
မကွေး၊ ဖေဖော်ဝါရီ ၇။
မကွေးတိုင်း၊ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်ဗျူဟာကုန်းမှာ တာဝန်ကျနေတဲ့ တပ်သားစိုင်းဟတ် (ကိုယ်ပိုင်အမှတ် – ပစ-၅၉၆၀၃၂) ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့က ချင်းကာကွယ်ရေးတပ် (CDF-Asho) ထံ အလင်းဝင်ရောက်လာခဲ့ပါတယ်။
အဲဒီအလင်းဝင်လာသူရဲ့ပြောပြချက်အရ အင်အားငါးရာကျော်ရှိတဲ့ အဲဒီဗျူဟာကုန်းမှာ ရိက္ခာပြတ်လပ်နေပြီး ၁၅ ရက်တခါ လေယာဉ်နဲ့ ချပေးတဲ့ရိက္ခာကိုတောင် တပ်တွင်းမှာဈေးကြီးပေးပြီး ပြန်ဝယ်နေရတယ်လို့ ဆိုပါတယ်။
အဲဒီတပ်တွင်းမှာ ကော်ဖီသုံးထုပ်ကို တသောင်းကျပ်နဲ့ ဆေးလိပ်တလိပ်ကိုတသောင်းကျပ်အထိ ဈေးနှုန်းတွေအဆမယတန် မြင့်တက်နေတာကြောင့် ရိက္ခာနဲ့ကုန်ဈေးနှုန်းအခက်အခဲတွေ ကြုံနေရတယ်လို့ အလင်းဝင်လာသူက ဆိုပါတယ်။
အောက်ခြေတပ်သားတွေဟာ သူတို့ရတဲ့လစာငွေနဲ့ တပ်တွင်းက ကုန်ဈေးနှုန်းမမျှတတော့တဲ့အတွက် စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို အလူးအလဲခံစားနေရတယ်လို့လည်း ဆိုကြပါတယ်။
အဲဒီအပြင် အထက်အရာရှိတွေက လေယာဉ်နဲ့ချပေးတဲ့ ရိက္ခာတွေကိုကိုယ်ကျိုးအတွက် ပြန်လည်ရောင်းချပြီး စီးပွားရှာနေတာတွေ ရှိနေကြတယ်လိုလည်း ဆိုကြပါတယ်။
ဒီလိုမျိုး စားဝတ်နေရေးခက်ခဲမှုတွေအပြင် အထက်လူကြီးတွေရဲ့မတရားမှုကိုပါ ဆက်ပြီးမခံနိုင်တော့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဆီ အလင်းဝင်လာကြတာဖြစ်ပါတယ်။






