အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့တောင်ကုတ်ခရိုင်နဲ့ သံတွဲခရိုင်တွေမှာ သေဆုံးနိုင်ခြေ မြင့်မားတဲ့နီပါး(Nipah Virus )ဗိုင်းရပ်စ် အထူးသတိပြု လက်ကမ်းစာစောင်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ လိုက်လံဖြန့်ဝေပေးနေပါတယ်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနရဲ့ဝန်ထမ်းတွေနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ပါတီတာဝန်တွေစုပေါင်းပြီး (နီပါးဗိုင်းရပ်စ်) ရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် အများပြည်သူလမ်းတွေ၊ ဈေး၊ ကားဂိတ်၊ ဘုတ်ဆိပ်၊ လမ်းခွဆုံနေရာတွေမှာ ဖြန့်ဝေပေးနေတာပါ။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ပြည်သူတွေနေထိုင်တဲ့နေရာတွေမှာ အသိပညာပေး(ဗီနိုင်း) ဆိုင်းဘုတ်ထောင်တာတွေ၊ လက်ကမ်းစာစောင်တွေဖြန့်ဝေတာတွေ စတဲ့အသိပညာပေးလုပ်ငန်းတွေကို ဌာနဆိုင်ရာနဲ့ ပူးပေါင်းအောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင်ပြည်သူတွေအနေနဲ့ နီပါးဗိုင်းရပ်စ်ဖြစ်ပွားနေတာကြောင့် ပေါ့ပေါ့ဆဆမနေဖို့နဲ့ ရောဂါကူးစက်ပြန့်ပွားလာရင် အသက်အန္တာရာယ်ရှိနိုင်တဲ့အတွက်ကြောင့် နီပါးဗိုင်းရပ်စ်အန္တရာယ်ကို အထူးသတိပြုကြဖို့ ဌာနဆိုင်ရာဝန်ထမ်းတွေမှ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့လည်း အာရက္ခဒေသအတွင်းရှိ ပြည်သူတွေ နီပါးဗိုင်းရပ်စ် (Nipah Virus)နဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ဖို့ အသိပညာပီးလုပ်ငန်းတွေကို ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အဲဒီနီပါး(Nipah)ဗိုင်းရပ်စ်ရောဂါအတွက် ကုသဆေးမရှိသေးတဲ့အတွက် ကြိုတင်ကာကွယ်တာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး သေဆုံးနိုင်ခြေမြင့်မားတာကြောင့် အထူးသတိပြုကြဖို့ကိုလည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ သတိပေးထားပါတယ်။
ရောဂါကူးစက်ခံရသူဟာ သေဆုံးနှုန်း ၄၀ အထက်ရှိပြီး ကူးစက်ခံရပြီးနောက် ရောဂါစပျိုးချိန်ဟာ ပုံမှန်အားနဲ့ ၄ ရက်မှ ၁၄ ရက်အထိဖြစ်ပြီး အကြာဆုံးအနေနဲ့ ၄၅ ရက်အထိရှိနိုင်တယ်လို့ သိရပါတယ်။
အာရက္ခပြည်သူတွေအနေနဲ့လည်း နီပါးဗိုင်းရပ်စ်(Nipah) သံသယဖြစ်ဖွယ် လက္ခဏာတွေဖြစ်ပေါ်ပါက အနီးအနားရှိကျန်းမာရေးဌာနကိုအမြန်ဆုံးဆက်သွယ်အကြောင်းကြားကြဖို့နဲ့ ကျန်းမာရေးဌာနမှထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာကြဖို့ကိုလည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။






