Border News Agency
ပေါက်၊ ဖေဖော်ဝါရီ ၁၀။
မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးအဖွဲ့တွေ စစ်ကြောင်းထိုးနေတာကြောင့် စစ်ဘေးရှောင်ပြည်သူငါးထောင်ခန့် အကူအညီလိုအပ်နေတယ်လို့ ပေါက်မြို့နယ်လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲဒီ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးတွေဟာ ပြည်သူတွေနေအိမ်ကရိက္ခာတွေခိုးယူသယ်ဆောင်နေတာကြောင့် ကျေးရွာဆယ့်တရွာက ဒေသခံငါးထောင်ခန့်ဟာသုံးပတ်ကျော်ကြာတဲ့အထိ နေရပ်မပြန်နိုင်ဘဲ အရေးပေါ်အကူအညီတွေ လိုအပ်နေကြပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ဒုတိယပတ်ကစပြီး ပေါက်မြို့နယ် ဇုန်-၁ နဲ့ ဇုန်-၃ နယ်မြေတွေထဲကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် အိမ်ထောင်စု တထောင့်တရာ့ရှစ်ဆယ်ခြောက်စုက ပြည်သူတွေဟာ နီးစပ်ရာတောတောင်တွေထဲမှာ ဒီနေ့အထိ တိမ်းရှောင်နေကြရတာပါ။
အဲဒီစစ်ဘေးရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာ အခက်အခဲနဲ့ ရင်ဆိုင်နေရပြီး သက်ဆိုင်ရာ နယ်မြေခေါင်းဆောင်တွေနဲ့ ချိတ်ဆက်ကာ အရေးပေါ် ထောက်ပံ့ကူညီပေးဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။
အဲဒီ စစ်ဘေးရှောင်တွေထဲမှာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေလည်း ပါဝင်နေပြီး တောတောင်တွေထဲမှာ ရေရှည်နေထိုင်ရတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အမိုးအကာတွေလည်း လိုအပ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။











