Border News Agency
ဆောင်ခလာ၊ ဖေဖော်ဝါရီ ၁၂။
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆောင်ခလာပြည်နယ်၊ ဟတ်ယိုင်ခရိုင်ရှိ ပရာသန်ကီရီဝပ်ကျောင်းအတွင်းမှာ ဖေဖော်ဝါရီလ၁၁ ရက်၊မနေ့က သေနတ်ပစ်ခတ်မှုတခုဖြစ်ပွားခဲ့ပြီး ကျောင်းအုပ်ကြီးအပါအဝင် စုစုပေါင်း ၄ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
အဲဒီကျူးလွန်သူဟာ အခင်းမဖြစ်ပွားခင်က ရဲအရာရှိတဦးကို ဓားနဲ့ခုတ်ပြီး ရဲတပ်ဖွဲ့ဝင်ရဲ့ 9mm သေနတ်ကို လုယူကာ ကျောင်းအတွင်းကို ဆိုင်ကယ်နဲ့ ဝင်ရောက်လာခဲ့တာပါ။
အဲဒီနောက် ကျောင်းအတွင်းမှာ သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့ပြီး ကျောင်းအုပ်ကြီးနဲ့ ကျောင်းသားတွေကို အစည်းအဝေးခန်းမထဲမှာ ဓားစာခံအဖြစ် ဖမ်းဆီးဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် ကျောင်းအုပ်ကြီးမှာ ဒဏ်ရာပြင်းထန်တာကြောင့် အရေးပေါ်ခွဲစိတ်မှုခံယူခဲ့ရပြီး လက်ရှိမှာတော့ အထူးကြပ်မတ်ကုသဆောင် (ICU) ထဲမှာ ဆေးကုသမှု ခံယူနေရပါတယ်။
ကျောင်းသား ၂ ဦးကတော့ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားစဉ်မှာ ဒဏ်ရာရရှိခဲ့လို့ ဆေးရုံကိုပို့ဆောင်ထားရသလို တရားခံကို ရဲတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီး ထိန်းချုပ်ချိန်မှာလည်း တရားခံဖြစ်သူမှာ ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီကျူးလွန်သူဟာ အရင်က ရာဇဝတ်မှုမှတ်တမ်းမရှိပေမယ့် စိတ်ကျန်းမာရေးချို့ယွင်းမှုကြောင့်ဆေးကုသမှု ခံယူခဲ့ဖူးသူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ဆေးရုံက ဆင်းလာသူဖြစ်ပါတယ်။
သူရဲ့ညီမငယ်ကို ဆရာမဖြစ်သူက အပြစ်ပေးဆုံးမခဲ့တာကို မကျေနပ်လို့ အခုလို လာရောက်လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။
လက်ရှိမှာတော့ ရဲတပ်ဖွဲ့က သက်သေအထောက်အထားတွေ သိမ်းဆည်းဖို့ ကျောင်းဝင်းတခုလုံးကို ပိတ်ဆို့ထားပါတယ်။
စစ်ဆေးမှုတွေ မပြီးမချင်း ဆရာတွေနဲ့ ကျောင်းသားတွေကို ယာဉ်တွေ ပြန်ထုတ်ခွင့်မပြုသေးဘဲ ကျောင်းသားတွေကိုတော့ ဘေးကင်းရာ ကျောင်းပြင်ပကို ယာယီရွှေ့ပြောင်းပေးထားတယ်လို့ သိရပါတယ်။






