Border News Agency
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂။
မြန်မာနိုင်ငံကူးလက်မှတ် (Passport) ထုတ်ပေးတာနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုတွေကို ပိုမိုတင်းကျပ်နိုင်မယ့် ဥပဒေမူကြမ်းသစ်တရပ်ပြဋ္ဌာန်းဖို့အတွက် စစ်ကော်မရှင်က နေပြည်တော်မှာအပြီးသတ် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။
လက်ရှိ သုံးစွဲနေတဲ့ ၁၉၂၀ ပြည့်နှစ်ဥပဒေဟာ ခေတ်စနစ်နဲ့မကိုက်ညီတော့တဲ့အပြင် ပတ်စပို့အတုလုပ်တာနဲ့ လိမ်လည်ကိုင်ဆောင်တာတွေကို အရေးယူတဲ့နေရာမှာ အခက်အခဲတွေရှိနေတာကြောင့် အခုလိုဥပဒေအသစ်ကို အစားထိုးဖို့ ပြင်ဆင်လာတာပါ။
နိုင်ငံရေးလေ့လာသူတွေကတော့ စစ်ကော်မရှင်တပ်ဟာ ဒီဥပဒေအသစ်ကိုအသုံးချပြီး ပြည်ပထွက်မယ့်သူတွေကို ပိုပြီး စိစစ်ကန့်သတ်ဖို့နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ သွားလာမှုကိုပိတ်ဆို့ဖို့ ကြံစည်နေတာလို့ သုံးသပ်ကြပါတယ်။
အထူးသဖြင့် ပတ်စပို့ကိုအချက်အလက်ပြင်တာ ဒါမှမဟုတ် တခြားနည်းလမ်းနဲ့ ကိုင်ဆောင်တာတွေကို ရာဇဝတ်မှုအကြီးစားအဖြစ်သတ်မှတ်ပြီး နိုင်ငံရေးအရဖိနှိပ်ဖို့ လမ်းစရှာနေတာလည်း ဖြစ်ပါတယ်။
အဲဒီအပြင် ဒီဥပဒေဟာပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ပတ်စပို့သက်တမ်းတိုးတာနဲ့ အသစ်လဲလှယ်တာတွေကိုပါ လက်နက်သဖွယ်အသုံးချပြီး အကျပ်ကိုင်လာနိုင်တယ်လို့ ဆိုကြပါတယ်။
ခေတ်စနစ်နဲ့လျော်ညီဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စစ်ကော်မရှင်က သူတို့ရဲ့ထိန်းချုပ်မှုကို ဥပဒေကြောင်းအရ ခိုင်မာအောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။






