Border News Agency
ကနေဒါ၊ ဖေဖော်ဝါရီ ၁၂။
ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ် (British Columbia) မြောက်ပိုင်းရှိ တမ်ဘလာရစ်ချ် (Tumbler Ridge) မြို့မှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ကျောင်းပစ်ခတ်မှုတခုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူအပါအဝင် စုစုပေါင်းလူကိုးဦး သေဆုံးခဲ့တယ်လို့ ကနေဒါတော်ဝင်ရဲတပ်ဖွဲ့ (RCMP) က ဖေဖော်ဝါရီလ ၁၂ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီကျူးလွန်သူဟာ အသက်ဆယ့်ရှစ်နှစ်အရွယ် ဂျက်ဆီဗန်ရုစဲလား (Jesse Van Rootselaar) ဆိုသူဖြစ်ပြီး သူမဟာ ကျောင်းကိုမသွားခင်မှာ အိမ်မှာရှိနေတဲ့မိခင်နဲ့ ဆယ့်တနှစ်အရွယ် မောင်လေးဖြစ်သူကို အရင်ဆုံးပစ်သတ်ခဲ့တာပါ။
အဲဒီနောက် တမ်ဘလာရစ်ချ် အထက်တန်းကျောင်းကိုသွားရောက်ပြီး ကျောင်းဝင်းအတွင်းမှာ ထပ်မံပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် ကျောင်းအတွင်းရှိဆရာမတဦးနဲ့ အသက်ဆယ့်နှစ်နှစ်ကနေ ဆယ့်သုံးနှစ်ကြားရှိတဲ့ ကျောင်းသား၊ ကျောင်းသူငါးဦး သေဆုံးခဲ့ရသလို၊ အခြားကျောင်းသား နှစ်ဆယ့်ခုနှစ်ဦးလည်း ဒဏ်ရာရသွားခဲ့ပါတယ်။
ကျူးလွန်သူဂျက်ဆီကတော့ ရဲတပ်ဖွဲ့နဲ့ထိပ်တိုက်တွေ့ချိန်မှာ မိမိကိုယ်ကိုယ်ပြန်လည်ပစ်ခတ်ပြီး အဆုံးစီရင်သွားခဲ့တယ်လို့ သိရပါတယ်။
ကျူးလွန်သူဂျက်ဆီဟာ အမျိုးသားအဖြစ်မွေးဖွားလာသူဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၆ နှစ်ကစပြီး အမျိုးသမီးအဖြစ်ပြောင်းလဲနေထိုင်သူ (Transgender woman) တဦးဖြစ်ပါတယ်။
သူမဟာ အရင်ကလည်းစိတ်ကျန်းမာရေးပြဿနာကြောင့် ရဲတပ်ဖွဲ့ရဲ့စောင့်ကြည့်စစ်ဆေးမှုကို အကြိမ်ကြိမ်ခံခဲ့ရဖူးသူပါ။
ဒီပစ်ခတ်မှုမှာတော့ ပြောင်းရှည်သေနတ်တလက်နဲ့ ပြုပြင်ထားတဲ့လက်ကိုင်သေနတ်တလက်ကို အသုံးပြုခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
ဒီဖြစ်ရပ်ဟာ ၁၉၈၉ ခုနှစ်နောက်ပိုင်း ကနေဒါနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အဆိုးရွားဆုံးကျောင်းပစ်ခတ်မှုတွေထဲက တခုဖြစ်ပြီး တနိုင်ငံလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့ပါတယ်။
ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေး (Mark Carney) က ဒီဖြစ်စဉ်ဟာ “ကနေဒါပြည်သူအားလုံးအတွက် အလွန်ဝမ်းနည်းကြေကွဲဖွယ်နေ့” လို့ပြောကြားခဲ့ပြီး တနိုင်ငံလုံးမှာရှိတဲ့ အစိုးရအဆောက်အအုံတွေမှာ နိုင်ငံတော်အလံကို ၇ ရက်တိုင်တိုင် ထက်ဝက်လျှော့ချလွှင့်ထူဖို့ ညွှန်ကြားထားပါတယ်။
လက်ရှိမှာတော့ ဒေသခံပြည်သူတွေက သေဆုံးသူတွေအတွက် ကျောင်းရှေ့မှာပန်းခွေတွေချပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ် အမှတ်တရတွေလုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။






