Border News Agency
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂။
ဒီနေ့ကျရောက်တဲ့ ၇၉ နှစ်မြောက်ပြည်ထောင်စုနေ့မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီကိုအာဏာလွှဲပေးမယ်လို့ သဝဏ်လွှာပေးပို့ ပြောကြားလိုက်ပါတယ်။
ဒါပေမယ့် ဒီပြောကြားချက်ဟာ လက်တွေ့မြေပြင်မှာတော့ ပြည်သူလူထုရဲ့ ပြင်းပြင်းထန်ထန်ငြင်းပယ်မှုကို ရင်ဆိုင်နေရတာပါ။
မြေပြင်ကပြည်သူတွေကတော့ စစ်ကော်မရှင်တပ်ရဲ့ ရွေးကောက်ပွဲဟာ အာဏာသက်တမ်းတိုးဖို့ကြိုးပမ်းတဲ့ “ဟန်ပြပွဲ” သာဖြစ်တယ်လို့ ရှုမြင်နေကြပြီး လုံးဝလက်မခံဘူးလို့ တုံ့ပြန်နေကြပါတယ်။
နိုင်ငံတစ်ဝှမ်းမှာ စစ်မီးတွေတောက်လောင်နေပြီး နေရပ်စွန့်ခွာထွက်ပြေးနေရသူသန်းနဲ့ချီရှိနေချိန်မှာ ရွေးကောက်ပွဲအကြောင်း ပြောနေတာဟာ လက်တွေ့မကျဘူးလို့လည်း ဝေဖန်နေကြပါတယ်။
အဲဒီအပြင် စစ်ကော်မရှင်ကကောက်ယူနေတဲ့ သန်းခေါင်စာရင်းနဲ့ မဲစာရင်းပြုစုမှုတွေကိုလည်း ပြည်သူတွေက ပူးပေါင်းပါဝင်တာမရှိဘဲ ဆန့်ကျင်နေကြပါတယ်။
ဒါဟာ ပြည်သူ့ဆန္ဒကိုထင်ဟပ်ဖို့ထက် တော်လှန်ရေးအင်အားစုတွေကို ထောက်လှမ်းဖို့နဲ့ ဖိနှိပ်ဖို့အတွက်သာဖြစ်တယ်လို့ ပြည်တွင်းအဖွဲ့အစည်းတွေက ထောက်ပြထားပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းကလည်း စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ အတိုက်အခံတွေ ပါဝင်ခွင့်မရှိတဲ့အတွက် တရားဝင်မှုမရှိဘူးလို့ အခိုင်အမာပြောဆိုထားပါတယ်။
ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံတွေကစစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးမှုမရှိဘဲ ပြုလုပ်မယ့်ရွေးကောက်ပွဲဟာ ပဋိပက္ခကို ပိုပြီးကြီးထွားစေလိမ့်မယ်လို့ သတိပေးထားပါတယ်။
စစ်ခေါင်းဆောင်က ငြိမ်းချမ်းရေးနဲ့ဖက်ဒရယ်အကြောင်း သဝဏ်လွှာထဲမှာထည့်သွင်းပြောဆိုခဲ့ပေမယ့် ပြည်သူတွေကတော့ နေ့စဉ်နဲ့အမျှ လေကြောင်းရန်နဲ့ လက်နက်ကြီးရန်တွေကို စိုးရိမ်နေရတဲ့အတွက် ဒီကတိစကားတွေအပေါ် ယုံကြည်မှု လုံးဝမရှိတော့တဲ့ အခြေအနေဖြစ်ပါတယ်။
အထူးသဖြင့် ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်မှုနဲ့ အလုပ်အကိုင်ရှားပါးမှုဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားနေရတဲ့ ပြည်သူတွေအတွက်တော့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကတိဟာ သူတို့ရဲ့အခြေခံလူမှုစီးပွားပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာမဟုတ်ဘူးလို့ သုံးသပ်နေကြပါတယ်။






