တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)လမ်းကြောင်းအတိုင်း မလာဘူးဆိုရင် နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးကို ထိခိုက်စေလိမ့်မယ်လို့ စစ်ခေါင်းဆောင်ကဆိုပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်၊မနေ့ကကျရောက်တဲ့ ၇၉ နှစ်မြောက် ပြည်ထောင်စုနေ့မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ခဲ့ပြီး သတိပေးလိုက်တာပါ။
စစ်ခေါင်းဆောင်က နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းလမ်းနဲ့ ဖြေရှင်းတာဟာ တိုင်းပြည်အတွက် နစ်နာမှုတွေပဲ ရှိမှာဖြစ်လို့ NCA ပါအချက်အလက်တွေနဲ့အညီ နိုင်ငံရေးစားပွဲဝိုင်းမှာ ဆွေးနွေးကြဖို့ တိုက်တွန်းထားတာပါ။
ဒါပေမယ့် မြေပြင်မှာတော့ စစ်ကော်မရှင်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေဟာ တကျော့ပြန် ပြင်းထန်နေဆဲ ဖြစ်ပါတယ်။
ပြည်သူတွေနဲ့တိုင်းရင်းသားအဖွဲ့အစည်းအချို့ကတော့ စစ်ကော်မရှင်တပ်ရဲ့ NCA စကားဟာ ဟန်ပြသက်သက်သာဖြစ်ပြီး လက်တွေ့မှာတော့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးသုံး ပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူတွေ နေ့စဉ်နဲ့အမျှ ထွက်ပြေးတိမ်းရှောင်နေရတာကို ထောက်ပြဝေဖန်နေကြပါတယ်။
အထူးသဖြင့် နယ်စပ်ဒေသတွေမှာ ကုန်သွယ်မှုလမ်းကြောင်းတွေ ပိတ်ဆို့နေပြီးလမ်းတံတားတွေ ပျက်စီးနေတာဟာ အကြမ်းဖက်မှုတွေကြောင့်လို့ စစ်ခေါင်းဆောင်က ဆိုပေမယ့် ပြည်သူတွေကတော့ ဒါဟာ စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးဗျူဟာတွေကြောင့်ဖြစ်ပြီး လူမှုစီးပွားဘဝတွေ လုံးဝပျက်စီးနေရပြီလို့ တုံ့ပြန်နေကြတာပါ။
နိုင်ငံတကာကလည်း စစ်ကော်မရှင်တပ်က ဖိတ်ခေါ်နေတဲ့ ငြိမ်းချမ်းရေးဟာ အားလုံးပါဝင်နိုင်တဲ့ ပုံစံမျိုးမဟုတ်ဘဲ သူတို့အာဏာတည်မြဲရေးအတွက်သာ ရည်ရွယ်နေတာကြောင့် NCA ဟာ လက်ရှိပဋိပက္ခကို ဖြေရှင်းနိုင်မယ့် အဓိကသော့ချက် မဟုတ်တော့ဘူးလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
အဲဒီအပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအများစုကလည်း စစ်ကော်မရှင်တပ် အာဏာသိမ်းပြီးကတည်းက NCA ရဲ့ အနှစ်သာရတွေ ပျက်စီးသွားပြီလို့ ယူဆထားကြပါတယ်။
အဲဒါကြောင့် စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီအတွက်ဆိုရင် စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းဖို့ကသာ ပထမဦးစားပေးဖြစ်တယ်လို့ ပြည်သူတွေနဲ့ နိုင်ငံရေးလေ့လာသူတွေကဆိုကြပါတယ်။






