အာရက္ခဒေသအပါအဝင် နိုင်ငံတဝန်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဇန်နဝါရီလတလတည်းမှာတင်အရပ်သား ၁၂၇ ဦး သေဆုံးပြီး ၂၄၁ ဦး ဒဏ်ရာရခဲ့တယ်လို့ Myanmar Defense & Security Institute (MDSI) က ဖေဖော်ဝါရီလ ၁၃ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးနဲ့ သံတွဲမြို့နယ်တွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်အထိ ပြုလုပ်ခဲ့တာကြောင့် သေဆုံး၊ ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဇန်နဝါရီလအတွင်း နိုင်ငံတစ်ဝှမ်းမှာ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၁၀၉ ကြိမ်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုတွေဟာ စစ်ရေးပစ်မှတ်တွေထက်စာသင်ကျောင်း၊ဆေးရုံ၊ဘာသာရေးအဆောက်အအုံနဲ့ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို ဦးတည်နေတာလို့ဆိုပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုတွေရဲ့ ၄၈ ရာခိုင်နှုန်းဟာ စစ်ကိုင်းတိုင်းမှာ ဖြစ်ပွားခဲ့ပြီး အရပ်သားသေဆုံးမှု အမြင့်ဆုံး ဖြစ်ခဲ့ပေမယ့် တန်ပြန်ထိုးစစ်တွေရှိနေတဲ့ ရခိုင်အပါအဝင် အခြားဒေသတွေမှာလည်း လေကြောင်းရန်ဟာ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။






