ပင်လယ်ပြင်မှာ မုန်တိုင်းမိပြီး အိန္ဒိယနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာရေလုပ်သား ၅ ဦး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကမြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီလို့ သိရပါတယ်။
အဲဒီရေလုပ်သား ၅ ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ပင်လယ်ပြင်မှာ ငါးဖမ်းနေရင်း မုန်တိုင်းမိပြီး အိန္ဒိယနိုင်ငံဘက်ကို ရောက်ရှိသွားခဲ့တာပါ။
အဲဒီနောက် အိန္ဒိယနိုင်ငံ၊ Trichy မြို့က အထူးစခန်း (Special Camp) မှာ ထိန်းသိမ်းခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ကို နေရပ်ပြန်ပို့နိုင်ဖို့အတွက် သက်ဆိုင်ရာ နှစ်နိုင်ငံတာဝန်ရှိသူတွေ ညှိနှိုင်းဆောင်ရွက်ခဲ့ကြပြီး ဖေဖော်ဝါရီလ ၁၄ ရက်၊မနက်ပိုင်းမှာ ချန်နိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေတဆင့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း (MAI) နဲ့ ပြန်လည်ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အခုပြန်လည်ရောက်ရှိလာတဲ့ ရေလုပ်သားတွေဟာ Trichy မြို့နဲ့ ချန်နိုင်းမြို့တွေမှာရှိတဲ့ နိုင်ငံခြားသားမှတ်ပုံတင်ရေးရုံးတွေနဲ့ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနတို့ရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ရရှိခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။






