စစ်ကိုင်းတိုင်းမတည်ငြိမ်မှုဟာ ဒေသခံတွေအသိပညာနည်းတာနဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ငွေကြေးကောက်ခံမှုကြောင့် ပြည်သူတွေ ဝန်ထုတ်ဝန်ပိုးဖြစ်နေရတာလို့ စစ်ခေါင်းဆောင်က စွပ်စွဲပြောဆိုလိုက်ပါတယ်။
ဒါပေမယ့် မြေပြင်မှာတော့ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှု၊လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေ ဒုက္ခရောက်နေကြရတာ ဖြစ်ပါတယ်။
ဟုမ္မလင်းမြို့ ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်က စစ်ကိုင်းတိုင်းအတွင်းက ပဋိပက္ခတွေကို ပညာရေးအားနည်းမှုနဲ့ ဆက်စပ်ပြောဆိုခဲ့သလို တော်လှန်ရေးအဖွဲ့တွေက ဒေသခံတွေဆီက ငွေကြေးကောက်ခံနေတာကြောင့် ပြည်သူတွေ အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။
လက်တွေ့မှာတော့ စစ်ကော်မရှင်တပ်တွေရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုတွေအတွင်း ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူ သောင်းနဲ့ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်အတော်များများမှာ စစ်ကော်မရှင်ဘက်က လေကြောင်းတိုက်ခိုက်တာတွေအပြင် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘာသာရေးအဆောက်အဦတွေ ပျက်စီးနေရသလို အရပ်သားသေဆုံးမှုတွေလည်း တနေ့ထက်တနေ့ များပြားလာနေတာပါ။
စစ်ကိုင်းတိုင်းဟာ စစ်ကော်မရှင်တပ်ကို အပြင်းထန်ဆုံးခုခံနေတဲ့ ဒေသဖြစ်တာကြောင့် စစ်ကော်မရှင်ဘက်က နယ်မြေစိုးမိုးရေးအတွက် မြေပြင်၊ ဝေဟင်အင်အားတွေကို အလွန်အကျွံ သုံးစွဲနေတာဖြစ်ပါတယ်။
အဲဒီလုပ်ရပ်တွေကြောင့် ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေ အဖတ်ဆယ်မရအောင်ပျက်စီးနေရတာဖြစ်ပါတယ်။






