Border News Agency
အမ်း၊အောက်တိုဘာ ၂၅။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ အမ်းမြို့နယ်၊ တပ်တောင်မြို့မှာ စကားမပြောတတ်သူ၊ စိတ်ဝေဒနာရှင်မျိုးသမီးတဦးအား မဒိန်းမှုကျူးလွန်ခဲ့တဲ့တရားခံကို အောက်တိုဘာလ ၁၂ ရက်နေ့က တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန(ဒီလပ်)မှ ဖမ်းဆီးခဲ့ပါတယ်။
အဲဒီတပ်တောင်မြို့၊ အမှတ်၂ရပ်ကွက်နေ အသက်သုံးဆယ်တနှစ်အရွယ် စိတ်ဝေဒနာရှင် အမျိုးသမီးတဦးကို အောက်တိုဘာလ ၁၁ ရက်၊ နေ့လယ် ၁၂ နာရီအချိန်ခန့်က အိမ်နီးနားချင်းအမျိုးသားတဦးက အဓမ္မပြုကျင့်ခဲ့တာပါ။
အဲဒီမဒိန်းမှုကျူးလွန်သူမှာ တပ်တောင်မြို့၊ အမှတ် ၃ ရပ်ကွက်နေ အသက်လေးဆယ်လေးနှစ်အရွယ် အောင်သန်းရွှေဖြစ်ပါတယ်။
အဲဒီသူကို ဥပဒေအရအရေးယူပေးဖို့အတွက် မိခင်ဖြစ်သူဟာ နယ်မြေဒီလပ်စခန်းမှာတိုင်တန်းခဲ့တာကြောင့် အမ်းမြို့နယ်၊ ကျွဲကူးတောင်ရွာမှာ အောက်တိုဘာလ ၁၂ရက်နေ့က သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဲဒီသူကို ဒီလပ်စခန်းရဲ့ (ပ)၂၃/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အရေးယူဆောင်ရွက်ထားပြီး ဒီလပ်လုပ်ငန်းတွေကို ပြီးပြည့်စုံအောင်ဆောင်ရွက်ကာ ဥပဒေအကြံပြုချက်နဲ့အညီ တရားစွဲတင်သွားမယ်လို့ ဒီလပ်ဌာနကဆိုပါတယ်။






