Border News Agency
ပလက်ဝ၊ ဖေဖော်ဝါရီ ၁၇။
ချင်းပြည်၊ ပလက်ဝမြို့နယ်ထဲကို ကုန်ပစ္စည်းလာပို့တဲ့ မီဇိုရမ်ပြည်နယ်သား ယာဉ်မောင်းတဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်ကြောင့် အိန္ဒိယ – မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအားလုံးကိုနှစ်လကြာပိတ်ထားဖို့ လောင်တလိုင်ခရိုင်တရားသူကြီးက အမိန့်ထုတ်ပြန်လိုက်ပါတယ်။
အဲဒီလောင်တလိုင်ခရိုင်နဲ့ ထိစပ်နေတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအားလုံးကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကစပြီး နောက်ထပ်အမိန့်မရမချင်း ပိတ်ထားမှာဖြစ်သလို နိုင်ငံခြားသားတွေခွင့်ပြုချက်မရှိဘဲ နယ်စပ်ဖြတ်ကျော်တာနဲ့ ကုန်ပစ္စည်းသယ်တာတွေကိုလည်း လုံးဝခွင့်မပြုတော့ဘူးလို့ သိရပါတယ်။
အဲဒီ လောင်တလိုင်မြို့ AOC ရပ်ကွက်မှာနေတဲ့ အသက် ၃၇ နှစ်အရွယ် Pu Lalremsanga ဟာပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က Pickup ကားတစီးနဲ့ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝရွာဘက်ကို ကုန်ပစ္စည်းသွားပို့ရင်း ပျောက်ဆုံးသွားခဲ့တာပါ။
သူပျောက်ဆုံးနေတုန်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာတော့ ရှင်းလက်ဝဘက်ရှိ မြန်မာနိုင်ငံသားတဦးက သေဆုံးသူရဲ့ ကားသော့နဲ့ လိုင်စင်တွေကိုလာပေးခဲ့ပေမယ့် လူပျောက်တာနဲ့ပတ်သက်လို့တော့ ဘာမှမသိဘူးလို့ ပြောဆိုခဲ့တာကြောင့် CYLA အဖွဲ့က အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပါတယ်။
အဲဒီနောက် ရှာဖွေမှုတွေလုပ်ခဲ့ရာမှာ ဖေဖော်ဝါရီလ ၁၅ ရက်၊ ညနေပိုင်းမှာတော့ မြန်မာ – မီဇိုရမ် နယ်စပ်ချောင်းထဲမှာ Pu Lalremsanga ရဲ့ ရုပ်အလောင်းကိုပြန်တွေ့ခဲ့ရပြီး ဒီဖြစ်စဉ်ကြောင့် ဗဟိုလိုင်လူငယ်အသင်းနဲ့ Pickup အသင်းတို့ကလည်း နယ်စပ်လမ်းတွေကို ပိတ်ထားဖို့ကြေညာခဲ့ကြပါတယ်။
အခုလို ယာဉ်မောင်းသေဆုံးရတဲ့ အကြောင်းရင်းကို အတည်မပြုနိုင်သေးခင်အထိ လောင်တလိုင်နဲ့ ရှာဟာခရိုင်အတွင်းက နယ်စပ်ကုန်သွယ်ရေးလမ်းအားလုံးကို ပိတ်ထားမှာဖြစ်လို့ ပလက်ဝနဲ့ရခိုင်ဘက်ကိုကုန်စည်စီးဆင်းမှုတွေ အခက်အခဲရှိလာနိုင်တယ်လို့ သိရပါတယ်။






